တောင်ဥက္ကလာပ မတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ (Book Club)အဖွဲ့တို့ပူးပေါင်း၍ စာရေးဆရာမဒေါက်တာခင်စန်းမော်ရေးသားသည့် “ပညာရှင်စိတ်ထား” စာအုပ်ဖြင့် ယနေ့နံနက်(၁၂:၀၀)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းကျင်းပသည်။
အဆိုပါစာဖတ်ဝိုင်းတွင် တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ခင်ဆွေနှင်းမှ တက်ရောက်လာသော စာအုပ်စာပေချစ်မြတ်နိုးသူများ(Book Club)အဖွဲ့ဝင်များ၊ စာဖတ်ပရိတ်သတ်များအား စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး “ပညာရှင်စိတ်ထား”စာအုပ်တွင်ပါဝင်သည့် လူငယ်တွေရဲ့ဘဝမှာ ရည်မှန်းချက်ပန်းတိုင်ထားရမည်ဖြစ်ကြောင်း၊ အစအလယ်အဆုံး အလုပ်ကိုအာရုံစိုက်ပြီး ပညာရှင်စိတ်ထားအပြည့်နဲ့ ကြိုးစားဆောင်ရွက်သင့်ကြောင်း၊ အတတ်ပညာ သင်ယူတတ်မြောက်တာချင်းအတူတူ ပညာရှိတဲ့လူရဲ့စိတ်ထားနှင့် ပညာမဲ့တဲ့လူရဲ့ စိတ်ထားတွေကွာခြားကြောင်းစသည့်အကြောင်းအရာများကို စာပေချစ်မြတ်နိုးသူများ(Book Club)အဖွဲ့ဝင်များ၊ စာဖတ်ပရိတ်သတ်များနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်၊ အပြန်အလှန်ဆွေးနွေးခြင်းဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ်အမြော်အမြင်များ မျှဝေတတ်စေရန်၊ စာပေအသိပညာဗဟုသုတရရှိစေရန်နှင့် စာပေဖတ်ရှုမှုပိုမို မြင့်မားလာစေရန်ရည်ရွယ်၍ အဆိုပါစာဖတ်ဝိုင်းများကို စဉ်ဆက်မပြတ် အသိပညာပေးဆွေးနွေးပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)