ဖားကန့် အောက်တိုဘာ ၁
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲ ၁၀၄ ဦးအား ယနေ့နံနက် ၈ နာရီမှစတင်ပြီး မဲရုံလုံခြုံရေး ဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
"မဲရုံတစ်ရုံမှာ အထူးရဲတစ်ယောက်နှုန်းနဲ့ ဖားကန့်မြို့နယ်က မဲရုံ ၁၀၄ ရုံအတွက် ၁၀၄ ဦးကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အတိုင်း လူသုံးဆယ်ထက်မပိုရအောင် နေရာ ငါးနေရာခွဲပြီး ဆင့်ပွားသင်တန်း ပို့ချပေးနေပါတယ်၊ သင်တန်းကာလက အောက်တိုဘာ ၁ ရက်နေ့ကနေ ၂၈ ရက်နေ့အထိပါ"ဟု မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ထွေးက ပြောသည်။
ဖားကန့်၌ (၁၈)ဦး၊ ဆိပ်မူ၌ (၃၀)ဦး၊ လုံးခင်း၌ (၂၄)ဦး၊ ကာမိုင်း၌ (၁၈)ဦးနှင့် တာမခံ၌ (၁၄)ဦး၊ စုစုပေါင်း အထူးရဲ (၁၀၄)ဦးတို့အား မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် သက်ဆိုင်ရာနယ်မြေ ရဲစခန်းမှူးများက ဦးဆောင်ပြီး မဲရုံလုံခြုံရေးဆိုင်ရာ ဆင့်ပွားသင်တန်းကို ပို့ချပေးနေပြီး အထူးရဲများ၏ တာဝန်ချိန် သက်တမ်းကာလသည် အောက်တိုဘာ ၁ ရက်နေ့မှ နိုဝင်ဘာ ၁၅ ရက်နေ့အထိ တစ်လခွဲ ဖြစ်ကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)