ကုန်းကြမ်း မတ် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်ခရိုင်၊ ကုန်းကြမ်းမြို့၌ ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ မြန်မာ-တရုတ် နယ်စပ်ဂိတ်များ၏ ကန့်သတ်ချက်များကြောင့် ကိုးကန့်ဒေသရှိ လက်ဖက်များရောင်းချမှုဆိုးရွားစွာ သောင်တင်ခဲ့ပြီး ပစ္စည်းတန်ဖိုးများအဆက်မပြတ် ကျဆင်းလာကာ လက်ဖက်စိုက် တောင်သူများအတွက် ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်စေခဲ့ပါသည်။ လက်ရှိအချိန်တွင် ချင်းရွှေဟော်မြို နယ်စပ်ကုန်သွယ်ရေးစခန်း အပြည့်အဝ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး လက်ဖက်ခြောက်များသည်လည်း နယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံသို့ရောင်းချနိုင်ပြီဖြစ်၍ ကိုးကန့်ဒေသရှိ လက်ဖက်စီးပွားရေးဈေးကွက်သည် ပြန်လည်အသက်ဝင်လာကာ ကောင်းမွန်သော လမ်းကြောင်းသို့ ဦးတည်လျက်ရှိနေပါသည်။
လက်ဖက်သည် ကိုးကန့်ဒေသ၏ အဓိကစီးပွားဖြစ်သီးနှံများထဲမှ တစ်ခုဖြစ်ပြီး နှစ်ရှည်လက်ဖက်ပင်ကြီးများသည် ပို၍နာမည်ကြီးလာခဲ့သည်။ လက်ဖက်စိုက်ပျိုးရာတွင် လက်ဖက်စိုက်တောင်သူများမှ ယုံကြည်မှုပြန်လည်ရရှိရန်၊ လက်ဖက်စိုက်တောင်သူများ၏ စီးပွားရေးဝင်ငွေတိုးစေရန်နှင့် ကိုးကန့်ဒေသ လက်ဖက်ခြောက်မြှင့်တင်ရေးတို့ကို တိုးချဲ့ဆောင်ရွက်ရန်အတွက် ယမန်နေ့မွန်းလွဲပိုင်းအချိန်က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊မြန်မာကိုးကန့်လက်ဖက်သစ်ကြားသီးအသင်း ထန်ကော်ကျွင်းနှင့် လုရှောက်ယုံတို့သည် အသင်းအဖွဲ့သားများ ဦးဆောင်၍ တာရွှေထန်ကျေးရွာအုပ်စု၊ ကြာစီရှူးကျေးရွာအုပ်စု၊ မန်လော်ကျေးရွာအုပ်စု၊ ရှောက်ကိုင်ကျေးရွာအုပ်စု၊ တာ့ကုန်းကြမ်းကျေးရွာအုပ်စုစသည့် အဓိကလက်ဖက်စိုက် ခင်းရှိသောနေရာသို့ လက်ဖက်စိုက်ပျိုးခြင်းလုပ်ငန်း စည်းရုံးရေးနှင့် လှုံ့ဆော်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီး ဒေသခံသက်ကြီးရွယ်အိုများအား ထောက်ပံ့ပေးရန်သွားရောက် ခဲ့ကြသည်။
စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်စဉ်တွင် ကျေးရွာ/ အုပ်စုအုပ်ချုပ်ရေးမှူးများ၏ ပူးပေါင်းလှုံ့ဆော်ခြင်းနှင့်အတူ မြန်မာကိုးကန့်လက်ဖက်သစ်ကြားသီး အသင်းအဖွဲ့ဝင် ထန်ကော်ကျွင်းနှင့် လုရှောက်ယုံတို့က လက်ရှိလက်ဖက်ဈေးကွက်အခြေအနေအား ပြည်သူများကို ပြောကြားပြီး လက်ဖက်ကိုတရုတ်ပြည်သို့ တင်သွင်းရောင်းချနိုင်ပြီ ဖြစ်သည့်အလျှောက် လက်ဖက်ဈေးကွက်သည်လည်း တဖြည်းဖြည်း ပြန်လည်ကောင်းမွန် လာပြီဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် လက်ဖက်အပေါ်ယုံကြည်မှု ပြန်လည်ရရှိလာပြီး လက်ဖက်ကို ဆက်လက်စိုက်ပျိုးခူးဆွတ်နိုင်စေရန် မျှော်လင့်ကြောင်း၊ မိမိတို့ လက်ဖက်သစ်ကြားသီး အသင်းသည်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၏ ညွှန်ကြားမှုအောက်တွင်လက်ဖက် စိုက်တောင်သူများ၏ အခြေခံအကျိုးစီးပွားကို ကာကွယ်နေသည့် အချိန်တည်းတွင် တောင်သူများအတွက် ထောက်ပံ့ရေးများပိုမိုရရှိရန်ကြိုးစားပြီး အားလုံး၏ စီးပွားရေးဝင်ငွေတိုးမြှင့်စေရန် ကြိုးပမ်း သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
လက်ဖက်အရည်အသွေးများ ပြည့်မီစေရန်အတွက် မြန်မာကိုးကန့် လက်ဖက်သစ်ကြားသီးအသင်းသည် လက်ဖက်စိုက်တောင်သူများအား လက်ဖက်စိုက်ခင်းများ စိုက်ပျိုးခြင်း၊ ထိန်းသိမ်းခြင်းနှင့် ခူးဆွတ်ခြင်းလုပ်ငန်းစဉ်များတွင် ပိုးသတ်ဆေး၊ ဓါတ်မြေသြဇာနှင့် အခြားဓာတုဗေဒပစ္စည်းများ သုံးစွဲခြင်းမှရှောင်ကြဉ်ရန်နှင့် ကိုးကန့်လက်ဖက်၏ သန့်ရှင်းသော သဘာဝ အရည်အသွေးနှင့် အရသာကို ပြည့်မီစေရန်အတွက် ထိန်းသိမ်းဆောင်ရွက်ကြ စေရန်နှင့် လက်ဖက်အရည်အသွေးကို မြှင့်တင်နိုင်မှသာလျှင် ကိုးကန့်လက်ဖက်ကို ကမ္ဘာအနှံ့သို့ ရောင်းချနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ လက်ဖက်သစ်ကြားသီးအသင်းသည် အသက် (၇၅) နှစ်အထက် ဒေသခံ သက်ကြီးရွယ်အိုများအား စောင်တစ်ထည်နှင့် စားသုံးဆီ (၃)ပိဿာပုံး (၁)ပုံးစီ၊ မေတ္တာလက်ဆောင်ဖြင့် စုစုပေါင်းအစုံ (၆၀၀) ကျော်ကို မြန်မာကိုးကန့် လက်ဖက်သစ်ကြားသီးအသင်းဥက္ကဋ္ဌ ကျန်းစိန်မှ မေတ္တာလက်ဆောင်များကို ပေးအပ်ခဲ့ပြီး စုစုပေါင်းတန်ဖိုးမှာ (၁၀၀၀၀၀ )ယွမ်၊ (တစ်သိန်းယွမ်)ဖြစ်ကြောင်း သိရသည်။
ဥမ္မာကျော် (ကုန်းကြမ်း၊ ပြန်/ဆက်)