နေပြည်တော် မတ် ၂၂
နေပြည်တော်ကောင်စီကကြီးမှူး၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး ဒေါ်မေမြင့်မောင်တို့အမှူးပြု၍ မိတ်ဆွေသင်္ဂဟများမှ လှူဒါန်းသည့် စတုတ္ထအကြိမ်မြောက် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ် ၅၁၂၁ ဆူအား ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၆ နာရီခွဲတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ လိုဏ်ဂူတော်အတွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့ သုခဝိဟာရသရက်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရ မဟာထေရ် မြတ်အမှူးပြုသော ဆရာတော်ကြီးကိုးပါးတို့ ကြွရောက်တော်မူကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး ဒေါ်မေမြင့်မောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ဌာနကြီးမှူးများနှင့်ဌာနမှူးများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် ဝန်ထမ်းများ၊ အလှူရှင်များ တက်ရောက်ကြသည်။ ရှေးဦးစွာ ဆရာတော်ကြီး ကိုးပါးတို့က ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ် ၅၁၂၁ ဆူတို့အား ဗုဒ္ဓါဘိ သေကအနေကဇာတင်ခြင်းအစီအစဉ်ကို ဆောင်ရွက်တော်မူကြသည်။
ထို့နောက် နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့ သုခဝိဟာရ သရက်ကုန်း ကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရ မဟာထေရ်မြတ်ထံမှ ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်သံဃာတော်များ ရွတ်ဖတ် ပူဇော်အပ်သော မေတ္တာသုတ်ပရိတ်တရားတော်မြတ်များကို နာယူကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော် မြတ်များ ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်လှူဒါန်းခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ပူဇော်လှူဒါန်းခြင်းနှင့်စပ်လျဉ်း၍ မုဒိတာပွား နိုင်စေရေး အလှူရှင်များစာရင်းအား ဖတ်ကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး ဒေါ်မေမြင့်မောင်တို့က သုခဝိဟာရ သရက်ကုန်းကျောင်းတိုက် ဆရာတော်ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ယင်းနောက် ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဧည့်ပရိတ်သတ်များက နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့ သုခဝိဟာရသရက်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရ မဟာထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြားကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
အခမ်းအနားပြီးနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီးအမှူးပြုသော အလှူရှင်များက နေပြည်တော်ကောင်စီရုံးရှိ ဝန်ထမ်းများ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီရုံး ဝန်ထမ်းများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ နေပြည်တော်တိုင်းစစ် ဌာနချုပ်ရှိ စစ်မှုထမ်းများ၊ နေပြည်တော်စည်ပင်သာယာဖွံ့ဖြိုးရေးဘဏ်ရှိ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ၊ အခြေခံပညာကျောင်းများ အတွက် ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ် များက လက်ခံရယူကြသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ လိုဏ်ဂူတော်အတွင်း၌ ပထမအကြိမ် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ် ၃၂၂၂ ဆူတို့အား ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင်လည်းကောင်း၊ ဒုတိယအကြိမ်မြောက် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ် ၃၃၃၉ ဆူတို့အား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင်လည်းကောင်း၊ တတိယအကြိမ်မြောက် ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော်မြတ် ၄၃၂၀ ဆူတို့အား ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင်လည်းကောင်း ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ခြင်း အခမ်းအနားကိုကျင်းပ၍လှူဒါန်းခဲ့ပြီး ယခုစတုတ္ထအကြိမ်မြောက် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ် ၅၁၂၁ ဆူတို့အား ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ခြင်း အခမ်းအနား ကို ကျင်းပပြီးလှူဒါန်းခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)