မြစ်ကြီးနား မတ် ၂၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မင်းရပ်ရပ်ကွက် သာသနာ့ဗိမာန်တော်ကြီးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများကို မတ် ၂၁ ရက် မွန်းလွဲ ၁၂ နာရီက စတင်ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများတွင် မြစ်ကြီးနားမြို့ ခေမာသီဝံပရိယတ္တိ စာသင်တိုက် စာချကထိက နိုင်ငံတော် သံဃမဟာနာယက၊ သ.စ.အ ပါဠိပါရဂူ၊ အဂ္ဂမဟာအကျော် အဂ္ဂမဟာဂန္ထဝါစက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တစန္ဒာဝရာဘိဝံသ အမှူးပြုသည့် ကြီးကြပ်ဆရာတော်ကြီးများက တာဝန်ယူကြီးကြပ်တော်မူ ကာ မတ် ၂၁ ရက်တွင် “ပါရာဇိကကဏ္ဍပါဠိအဌကထာ” ဘာသာရပ်အား ဆရာတော် သံဃာတော်များနှင့် သီလရှင် ဆရာကြီး/ဆရာလေး (၇၆) ပါး ကြွရောက်ဖြေဆို တော်မူခဲ့ကြသည်။
အဆိုပါ ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို မတ် ၂၁ ရက်မှ ဧပြီ ၃ ရက်အထိ နေ့စဉ် ဘာသာရပ်အလိုက် စစ်မေးတော်မူသွားမည်ဖြစ်ကာ ဌာနဆိုင်ရာများနှင့် စေတနာရှင် ပြည်သူများကလည်း စာဖြေကြွရောက်တော်မူသည့် ဆရာတော်/ သံဃာ တော်များနှင့် သီလရှင် ဆရာကြီး/ဆရာလေးများအား အချိုရေများ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ခရိုင် (ပြန်/ဆက်)