မြောက်ဥက္ကလာပ မတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲကိုယမန်နေ့ မွန်းတည့် ၁၂နာရီက မြောက်ဥက္ကလာပမြို့နယ်၊(၂)ရပ်ကွက်၊ ဆုတောင်းပြည့် မယ်လမုစေတီတော် သာသနာ့ဗိမာန် (၃)ထပ်ဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာမေးပွဲကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့မှ ဧပြီလ ၃ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ မြောက်ဥက္ကလာပမြို့နယ်တွင် စာမေးပွဲ ပထမနေ့၌ ပါရာဇိကကဏ္ဍပါဠိအဌကထာ (၁)ကို ဆရာတော်၊သံဃာတော်နှင့် သီလရှင်(၃၀၀)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲတွင် ဖြေဆိုသံဃာတော်များနှင့် သီလရှင်များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ဩဝါဒစရိယဆရာတော်များ၊ စာဖြေဌာနကြီးကြပ်ရေးဆရာတော်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
မြမြဝင်း(ပြန်/ ဆက်)