နောင်မွန်းမြို့၌ မြို့နယ်အား/ကာကော်မတီဥက္ကဋ္ဌဖလား အသက် (၁၈) နှစ်အောက် အမျိုးသားဘော လုံးပြိုင်ပွဲကျင်းပ

နောင်မွန်း မတ် ၂၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ကိုယ်ကာယကျန်းမာကြံ့ခိုင်လာစေရေးနှင့် မြို့နယ်ကိုယ်စားပြု အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ကျင်းပသော မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မတ်လ (၂၂) ရက်နံနက် ၁၀နာရီတွင် မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။

အခမ်းအနားတွင် ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင် ရဲမှူးတင်ဦးက အဖွင့်အမှာစကားပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထက်ခိုင်ငြိမ်းက အားကစားသမားများအနေဖြင့် အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် ရိုးသားစွာပါဝင်ယှဉ်ပြိုင်ကစားသွားကြရန်နှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကိုရှင်းလင်းခဲ့ကာ ပြိုင်ပွဲကို ဂါတ်ထီဘောလုံးအသင်းနှင့် Babulungthang အသင်းတို့က စတင်ယှဉ်ပြိုင်ကစားခဲ့ကြသည်။

အဆိုပါ အသက်(၁၈)နှစ်‌‌အောက် ပြိုင်ပွဲဝင်ကစားသမားများကို စိစစ်ရွေးချယ်ရာတွင် နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုများဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ပြိုင်ပွဲဝင်အသင်း (၇) သင်းကို အုပ်စုနှစ်ခုခွဲကာမတ်လ ၂၁ ရက်နေ့မှ မတ်လ ၂၈ရက်အထိ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။ ယင်းပြိုင်ပွဲ၌ အကောင်းဆုံးယှဉ်ပြိုင်ကစားနိုင်သည့် ကစားများကိုရွေးချယ်ပြီး မြို့နယ်ကိုယ်စားပြုအသင်းဖွဲ့ကာ ဧပြီလတွင် မြစ်ကြီးနားမြို့၌ကျင်းပမည့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဖလားမြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ် အမျိုးသားဘောလုံးပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)