ညောင်ဦး မတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ခရမ်းချဉ်စိုက်ပျိုးတောင်သူများ ခရမ်းချဉ်သီး တစ်ပိသာ တစ်ထောင်ငါးရာကျပ် ရောင်းချနေရခြင်းကြောင့် ခရမ်းချဉ်စိုက်တောင်သူများ အဆင်ပြေနေကြကြောင်း သစ်ထောင့်ကျွန်းကျေးရွာ ခရမ်းချဉ်စိုက် တောင်သူ ဦးရန်နိုင်ထွန်းထံက သိရသည်။
ညောင်ဦးမြို့နယ်တွင် ခရမ်းချဉ်စိုက်ပျိုးခြင်းအား မြေအောက်ရေအသုံးပြုစိုက်ပျိုးကြပြီး သစ်ထောင့်ကျွန်းကျေးရွာ၊ တောင်ဖက်တန်းကျေးရွာ၊ အထက်ညဉ့်ကျေးရွာ၊ အနောက်ပုလင်းကျေးရွာ၊ အောက်ညဉ့်ကျေးရွာ၊ ကြအိုကျေးရွာ၊ လက်ထုပ်ကျေးရွာတို့တွင် ခရမ်းချဉ်အမြောက်အများစိုက်ပျိုးကြကြောင်း၊ ခရမ်းချဉ်ပျိုး(မျိုး)စေ့ထောင်ချိန် တစ်စေ့ တစ်အိတ်နှုန်းဖြင့် ပျိုးထောင်ကြပြီး ရက်နှစ်ဆယ်ခန့်ရှိလျှင် စိုက်မည့်စိုက်ခင်းသို့ ရွေ့ပြောင်းစိုက်ပျိုးကြကြောင်းသိရပြီး စိုက်ခင်းထဲ စိုက်ပျိုးပြီး လေးဆယ်ငါးရက်ရှိလျှင် ခွပွင့် လိုက်လာပြီး အပွင့်ပွင့်၊ အသီးသီးလာကြောင်းသိရသည်။ ခွပွင့်အသီးသီးပြီးလျှင် အပွင့်ပွင့် နှုန်းပိုကောင်းလာပြီး အသီးသီးနှုန်းလည်းကောင်းလာကြောင်း၊ ခရမ်းချဉ်သီးလှိုင်လှိုင်ပေါ်ချိန် နှစ်ရက်တစ်ခါ၊ သုံးရက်တစ်ခါဆွတ်ခူးပေးရကြောင်းသိရသည်။ ထွက်ရှိလာသည့် ခရမ်းချဉ်သီးများ ညောင်ဦးဈေးကွက်နှင့် ပခုက္ကူဈေးကွက်ကို အဓိကထားပို့ဆောင်ရောင်းချကြကြောင်းသိရပြီး ခရမ်းချဉ်သီးပေါ်ချိန်တစ်ပိသာ တစ်ထောင်ငါးရာကျပ်ရောင်းချရခြင်းကြောင့် ခရမ်းချဉ်စိုက်တောင်သူများ တွက်ခြေကိုက်ကာ မိသားစုဝင်ငွေတွက်ခြေကိုက်နေ ကြကြောင်း သိရသည်။
ဒီပါလင်း