ပျဉ်းမနား မတ် ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရေးအတွက် သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးခြင်းနှင့် အတူ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး စာရေးဆရာ ဆရာမများနှင့် ပူးပေါင်းပြီး အသိပညာပေး ဟောပြောပွဲများကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်က လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ရခြင်းရဲ့ ရည်ရွယ်ချက်များနှင့် လူထုအခြေပြုဗဟိုဌာန Community Centre တွင် လူငယ်အကျိုးပြုသင်တန်းများဖွင့်လှစ်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး စာရေးဆရာမ ခင်လေး(ပြည်ထောင်စုနယ်မြေ)က လူငယ်နှင့် အနာဂါတ်အားမာန်များ ခေါင်စဉ်ဖြင့် ဟောပြောဆွေးနွေးသည်။
ထို့နောက် ဟောပြောပွဲအခမ်းအနားသို့တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များနှင့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ဝင်တစားကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။
လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)Community Centre တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များအတွက် အကျိုးပြုသင်တန်းများ၊ အသိပညာပေးဟောပြောပွဲများနှင့် ပြပွဲ၊ ပြိုင်ပွဲ များကို စဉ်ဆက်မပြတ်ဆောင်ရွက်နေလျက်ရှိပါကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)