သုံးခွ မတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားပင်စင်စားများအတွက် ပင်စင်လစာများကို ယနေ့နံနက် ၇နာရီအချိန်ကစတင်၍ မြန်မာ့စီးပွားရေးဘဏ်၌ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးရာ၌ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက် ၇ နာရီမှစတင်ပြီး နေ့စဉ် နံနက် ၇ နာရီမှ နေ့လယ် ၁ နာရီအထိ ရပ်ကွက် ကျေးရွာများရှိ ပင်စင်စားမိဘပြည်သူများအား အလှည့်ကျထုတ်ပေးခြင်းဖြစ်ပြီး (အငြိမ်းစား) ပင်စင်စားများအနေဖြင့် မိမိတို့အဆင်ပြေသည့်နေ့တွင် လာရောက်ထုတ်ယူနိုင်ပါကြောင်းနှင့် ကိုယ်စားလှယ်နှင့် ထုတ်ယူလိုပါက လိုအပ်သည့် အထောက်အထားဖြင့် လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။ သုံးခွမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်း (၁၂၄၆)ဦးရှိပြီး လစဉ် ၂၁ ရက်နေ့မှ ရုံးပိတ်ရက်မပါ မည်သည့်ရက်တွင်မဆို မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားများအား ပင်စင်လစာထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပင်စင်လစာများထုတ်ပေးရာတွင် သုံးခွမြို့နယ်မြန်မာ့စီးပွားရေးဘဏ်၀န်ထမ်းများမှ ပင်စင်လာရောက်ထုတ်ယူကြသော ပင်စင်စား မိဘပြည်သူများအား လက်သန့်စင်ဆေးရေများ ထားရှိပေးခြင်း၊ ပိုက်ဆံများကို ပိုးသတ်ဆေးဖျန်းပေးခြင်းများနှင့် ပင်စင်လစာများ အချိန်ကြာမြင့်စွာ စောင့်ဆိုင် ရခြင်းမရှိစေအောင်စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စည်သူလင်း (ပြန်/ ဆက်)