သီပေါ မတ် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွှဲ ၂ နာရီက မြို့လယ်မဟာသာသနာ့ ဗိမာန်တော်ကြီး၌ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ် သံပြိုင်ညီညာရွတ်ဆို၍ ရတနာတော်မြတ်သုံးပါးတို့အားရှိခိုး ကန်တော့ကြကာ မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက နှစ်စဉ်ကျင်းပမြဲဖြစ်သော အစိုးရပါဠိပထမပြန်စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့၊ မြို့မိမြိုဖများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ အားလုံးပူးပေါင်းပါဝင် ကူညီဆောင်ရွက် ပေးစေလိုကြောင်း အလှူငွေ လှူဒါန်းမည့် ကိစ္စရပ်များ၊ ဆွမ်း၊ ကွမ်း ဝေယျာဝစ္စကိစ္စရပ်များ၊ လုံခြုံရေးနှင့် ကျန်းမာရေးစသည့် ကိစ္စရပ်များကို သက်ဆိုင်ရာဌာနများ၊ တာဝန်ရှိသူများက ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့ဝင်များက စာမေးပွဲကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကိုရှင်းလင်းတင်ပြခဲ့ကြောင်း ၊ ၂၀၂၂ခုနှစ် အစိုးရ ပါဠိပထမပြန် စာမေးပွဲကို မြို့လယ် မဟာသာသနာ့ ဗိမာန်တော်ကြီးတွင် မတ်လ ၂၈ရက်နေ့မှ ဧပြီလ ၃ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သည့် စာအောင်သံဃာတော်များ နှင့်ဓမ္မာစရိယစာအောင် သံဃာတော်များအား စာအောင်လက်မှတ်နှင့် ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းမည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကိုအဆိုပါ သာသနာ့ဗိမာန်တော်ကြီး၌ ဧပြီလ ၂ ရက်နေ့ တွင်ကျင်းပပြုလုပ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)