နမ့်စန်(တ) မတ် ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် အပတ်စဉ် ပုံမှန်စာဖတ်ဝိုင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်နှင့် ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများ အခြေခံအင်္ဂလိပ်စာ သင်တန်းတက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူ၊ ကျောင်းသားလူငယ်များနှင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဥမ္မာအောင်က စာဖတ်ဝိုင်းများ လစဉ်ပုံမှန် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ နှင့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် စာဖတ်ခြင်း၏ အလေ့အကျင့်ကောင်းများ ရရှိစေရေးတို့ကို ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများက စာရေးဆရာ ချမ်းဝဏ္ဏစိုးဝင်း(တိုက်ကြီး)၏ ၂၀၁၅ ခုနှစ် အမျိုးသားစာပေဆုရသော “တာဝန်ကိုယ်စီရှိကြသည်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းကို စာပေဝါသနာရှင် စာဖတ်သူများတိုးပွားလာစေရန်နှင့် စာဖတ်သူ အချင်းချင်းဗဟုသုတများ ဖလှယ်နိုင်စေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်းနှင့် ယနေ့စာဖတ်ဝိုင်း ဆောင်ရွက်သည့် “တာဝန်ကိုယ်စီရှိကြသည်” စာအုပ်တွင် ယနေ့လူငယ်များသည် အနာဂတ်ခေါင်းဆောင်များ ဖြစ်ကြသဖြင့် ကောင်းမွန်သော စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ပြည့်စုံစေရန်နှင့် အကျင့်စာရိတ္တကောင်းမွန်စေရေး၊ အချင်းချင်းရိုင်းပင်း ကူညီစိတ်ရှိရေး၊ ပညာထူးချွန်အောင် ကြိုးပမ်းလိုစိတ်ရှိရေးစသည်တို့ ပါဝင်သဖြင့် လူငယ်များ ဖတ်ရှုသင့်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း မြို့နယ်ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်ထံမှ သိရသည်။
သူရအောင်(ပြန်/ဆက်)