သန်လျင်မြို့နယ်၌ အရေးပေါ်တုံ့ပြန်ရေး(အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်  ဖေဖေါ်ဝါရီ  ၂၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဂျာမန်ကြက်ခြေနီအသင်းတို့၏ ပံ့ပိုးကူညီမှုဖြင့် သန်လျင်မြို့နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြီးမှူးဖွင့်လှစ်သော အရေးပေါ်တုံ့ပြန်ရေး(အခြေခံ) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်တွင် သန်လျင်မြို့ ထန်းပင်ကုန်းရပ်ကွက် စတုဘုမ္မိက မဟာသတိပဋ္ဌာန် ကျောင်းတိုက်၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် သန်လျင်မြို့နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဆန်းလင်းနိုင်က အရေးပေါ်တုန့်ပြန်ရေး(အခြေခံ) သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံရယူပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ အရေးပေါ်တုန့်ပြန်ရေး(အခြေခံ) သင်တန်းသို့ သန်လျင်မြို့နယ်အတွင်းမှ သင်တန်းသား၊ သင်တန်းသူ ၃၀ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဖေဖေါ်ဝါရီ ၂၅ ရက်မှ ၂၇ ရက်နေ့အထိ ၃ ရက်ကြာ အရေးပေါ်တုံ့ပြန်ရေး(အခြေခံ) ဘာသာရပ်များအား စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း သိရသည်။

သက်ခိုင်(သန်လျင်)