ပူတာအိုမြို့၌ ခရိုင်အမျိုးသမီးကော်မတီ၏ လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

ပူတာအို မတ် ၂၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် အမျိုးသမီးများ ကာကွယ်စောင့်ရေး၊ ၎င်းတို့၏အခွင့်အရေးများနှင့် အမျိုးသမီး ကော်မတီ၏ လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်အမျိုးသမီး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို မတ်(၂၁)ရက် မွန်းလွဲ (၁)နာရီက ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ခရိုင်အမျိုးသမီးကော်မတီဉက္ကဋ္ဌ ကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးက မြန်မာနိုင်ငံ အမျိုးသမီးများ၏ အခွင့်အရေးများ ပြည့်ဝစွာ ဖြည့်ဆည်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် (CE DAW-စီဒေါ) ကို ၁၉၉၇ ခုနှစ်တွင် လက်မှတ်ရေးထိုးပြီး အမျိုးသမီးများဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်းရေးဆွဲကာ အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်း မှု၊ ပညာရေးနှင့် လေ့ကျင့်သင်ကြားရေး၊ ကျန်းမာရေး၊ အကြမ်းဖက်မှု၊ အမျိုးသမီးများနှင့် အရေးပေါ် အခြေအနေ၊ စီးပွားရေးဆုံးဖြတ်ချက်ချမှတ်နိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လုပ်ငန်းယန္တရားများ၊ အမျိုးသမီးငယ်ရွယ်များ အစရှိသည့် လုပ်ငန်းနယ်ပယ်(၁၂)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များတွင်လည်း ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ မှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ ကချင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းအောင်က အမျိုးသမီးကော်မတီ၏ လုပ်ငန်းစဉ်များအား ပရိုဂျက်တာဖြင့် ရှင်းလင်းဆွေးနွေးပြီး အစည်းအဝေးတက်ရောက်လာသည့် ခရိုင်အမျိုးသမီး ကော်မတီ အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများက အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးများ၏ အခွင့် အရေးများနှင့် လုပ်ငန်းစဉ်များတွင် လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးကြရာ ပြည်နယ်ဦးစီးမှူးက ပြည်လည်ဖြည့်စွက် ဆွေးနွေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)