ဗိုလ်တထောင် မတ် ၂၂
မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေး၏အရင်းမူလဖြစ်သည့် ပရိယတ္တိသာသနာတော် ထွန်းကားပြန့်ပွားစေရန်အတွက် သာသနာရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အသီးသီးတို့တွင် ၂၀၂၃ ခုနှစ် မတ်လ (၂၁)ရက်နေ့မှ မတ်လ(၃၀)ရက်နေ့အထိ နေ့စဉ်မွန်းတည့် (၁၂:၀၀)နာရီ အချိန်မှ ညနေ(၄:၀၀)နာရီ အချိန်အထိ ကျင်းပပြုလုပ်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် ဗိုလ်တထောင် မြို့နယ်ရှိ ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော်ဝန်းရှိ ဆိပ်ကမ်းလုပ်သားပေါင်းစုံ ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ ပထမနေ့၌ ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ(၁)ကို မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ သံဃာတော်များနှင့်သီလရှင်အပါး(၂၇၆)ပါး ဖြေဆိုရန် စာရင်းပေးသွင်းခဲ့ပြီး ဖြေဆိုသံဃာတော် (၂၃၉)ပါး၊ သီလရှင်(၄)ပါး စုစုပေါင်း(၂၄၃)ပါး စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
အဆိုပါ ၂၀၂၃ ခုနှစ် အစိုးရဓမ္မာ စရိယစာမေးပွဲဖြေဆို သံဃာတော်များနှင့် သီလရှင်များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်စေရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စာမေးပွဲကြီး ကြပ်ရေးအဖွဲ့ ဩဝါဒစရိယဆရာတော်ကြီးများ၊ အထူးကြီးကြပ်ရေးအဖွဲ့ ဆရာတော်များ၊ စာဖြေဌာနကြီးကြပ်ရေးအဖွဲ့ ဆရာတော်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များနှင့် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် လုံခြုံရေးအဖွဲ့များက လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
မေနှင်း