နောင်ချိုမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း မြန်မာ့ရိုးရာ အစဉ်အလာမပျက် ရဟန်းခံ၊ ရှင်ပြု၊ နားသ အလှူတော် မင်္ဂလာများ ဆင်ယင်ကျင်းပ

နောင်ချို မတ် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း မြန်မာ့ရိုးရာ အစဉ်အလာမပျက် ရဟန်းခံ၊ ရှင်ပြု၊ နားသအလှူတော်မင်္ဂလာများ ဆင်ယင်ကျင်းပလျက်ရှိကြောင်း သိရသည်။

မြန်မာတို့၏ ချစ်စရာဓလေ့စရိုက်၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ မတိမ်ကော မပျောက်ကွယ်စေရေး၊ ဘာသာသာသနာကိုထိန်းသိမ်းစောင့်ရှောက် တန်ဖိုးထားမြတ်နိုးတတ်စေရေးအတွက် မိဘများမှ သားသမီးများအား ရဟန်းခံခြင်း၊ ရှင်ပြုခြင်း၊ နားသခြင်းစသော အလှူမင်္ဂလာများ ဆင်ယင်ကျင်းပခြင်းများက ရှေးယခင်နှစ်ပေါင်းများစွာ ကတည်းက ယနေ့တိုင်ဖြစ်သည်။

ထိုသို့ အလှူမင်္ဂလာများ ဆောင်ရွက်ရာတွင် အချို့သောအလှူများက ဘုန်းတော်ကြီးကျောင်းတွင် ဆံချ သင်္ကန်းစည်းပြီးနောက်တစ်နေ့ အလှူကြီးရက်တွင် ဧည့်ပရိသတ်များ ဖိတ်ကြား၍ ကျွေးမွေးဧည့်ခံခြင်း၊ အလှူရေစက်ချ မင်္ဂလာပြုလုပ်ခြင်းများ ပြုလုပ်လေ့ရှိသလို၊ အချို့သောအလှူများက အလှူဝင်နေ့တွင် မိမိတို့၏ သားလှရတနာ၊ သမီးလှရတနာများအား မောင်ရှင်လောင်းခံခြင်း၊ နားသခြင်းများပြုလုပ်ကာ ဆင်၊ မြင်း ရတနာများ၊ မော်တော်ယာဉ်များဖြင့် မြို့တွင်းလှည့် လည်ကြသည်။ ထို့သို့ လှည့်လည်ရာတွင် ရှေ့ဆုံးမှ ဗြောအဖွဲ့ဦးဆောင်ကာ တံခွန်ကုက္ကား၊ မလေး ပွားကိုင်ဆောင်သူများ၊ ကွမ်းတောင်၊ ပန်းတောင်ကိုင် မိန်းမပျိုလေးများ၊ ကန်တော့ပွဲရွက် အမျိုးသမီးကြီးများ၊ သပိတ်လွယ် သင်္ကန်းပန်းများ ကိုင်ဆောင်ကြသော အလှူ့ဒါယိကာ၊ ဒါယကာမ များ၏ စီတန်းလှည့်လည်မှုများကို မြင်တွေ့ရပြီးနောက် သာသနာ့ဘောင်သို့ သွတ်သွင်းဝင်ရောက် ကြမည့် မောင်ရှင်လောင်းများက ဆင်၊ မြင်း ရတနာများ စီးနင်း၊ ရွှေထီးဆောင်း၍လည့်လည်ခြင်း၊ နားထွင်းမင်္ဂလာ ဆင်ယင်ကြမည့် နားသများအား မော်တော်ယာဉ် များဖြင့် စည်ကားသိုက်မြိုက်စွာ လှည့်လည်ခဲ့ပြီး နောက်တစ်နေ့ အလှူကြီးရက်တွင် ဧည့်ပရိသတ်များအား ဧည့်ခံကျွေးမွေးခြင်း၊ ဆရာတော် သံဃာတော်များအား ဆွမ်းအစရှိသော လှူဘွယ်များ လှူဒါန်းခြင်း၊ လှူဒါန်းမှု အစုစုအတွက် ရေစက်ချခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

နောင်ချိုမြို့နယ်အနေဖြင့် နှစ်စဉ်နှစ်တိုင်း ယခုကဲ့သို့ နွေရာသီကျောင်းပိတ်ရက် ကာလများအတွင်း မြန်မာတို့၏ ချစ်စရာဓလေ့ထုံးစံများနှင့်အညီ အလှူပွဲများဆင်နွှဲလျက်ရှိကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)