မိုင်းဆတ် မတ် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ မူလတန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ တွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မူလတန်းအဆင့် ကလေးငယ်များ၏ အင်္ဂလိပ်စာစွမ်းရည်နှင့် ဖြတ်ထိုးဉာဏ်တိုးတက်မြင့်မားစေရန်၊ ဆရာ၊ ဆရာမများ သင်ကြားပေးသည့် အင်္ဂလိပ်စာသင်ခန်းစာ မှတ်မိနိုင်စွမ်းများကို စမ်းသပ်သည့်အနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခြင်း ဖြစ်သည်။
အဆိုပါ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ဆရာမဒေါ်နီလာမြင့်ဆွေက မူလတန်းအဆင့် ကလေးငယ်များအား တိရစ္ဆာန်ပုံများပြသ၍ လျှပ်တစ်ပြက် မေးခွန်းများ မေးမြန်းရာ ကလေးငယ်များက တိရစ္ဆာန်အမျိုးအမည်အလိုက် အင်္ဂလိပ် အသံထွက်ဖြင့် ပြန်လည်ဖြေကြားခဲ့ကြပြီး အများဆုံးဖြေဆိုနိုင်သည့် ကလေးငယ်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)