သီပေါမြို့ ပြည်သူ့စာကြည့်တိုက်တွင် မြန်မာစကားပုံများ သင်ကြားဆောင်ရွက်

သီပေါ မတ် ၂၂

နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူကလေးများ အချိန်ကို အကျိုးရှိစွာ အသုံးချ တတ်စေရန်၊ ဉာဏ်ပညာတိုးတက်လာစေရန်၊ မြန်မာစကားပုံများကို သိရှိနားလည်စေရန်၊ စာဖတ်စွမ်းရည် တိုးတက်လာစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်၍ ဝင်ထွက်သွားလာ အသုံးပြုတတ်စေရန်တို့အတွက် ရည်ရွယ်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက်(၉)နာရီက မြန်မာစကားပုံများ သင်ကြားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက ကလေးများ အား အသိပညာဗဟုသုတရရှိစေရန်၊ မြန်မာစကားပုံများကို သိရှိစေရန်၊ ဆိုလိုရင်းအဓိပ္ပာယ်ကို နားလည်သဘောပေါက်၍ ပြောဆိုသုံးနှုန်းတတ်စေရန်တို့အတွက် ရည်ရွယ်၍ သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် စာရေးသူဆရာထိန်လင်း (BE . Mechanical)၏ မြန်မာစကားပုံ ၁၀၀ စာအုပ်မှ မြန်မာစကားပုံများကို ကလေးများ သိရှိနားလည် သဘောပေါက်စေရန် ဥပမာ၊ သာဓကများဖြင့် ကလေးများနှင့် အပြန်အလှန် ဆွေးနွေးသင်ကြားဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူ ကလေးများ အားလပ်ရက်ရှည်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်အတွက် စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲ၊ ဟောပြောပွဲ၊ ပြပွဲပြိုင်ပွဲ၊ အခြေခံကွန်ပျူတာသင်တန်း၊ အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် အိမ်တွင်းမှုသင်တန်းများကို လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်ဆက်)