မိုးနဲမြို့နယ်၌ ပင်စင်အငြိမ်းစား ၂၀၈ ဦးကို ပင်စင်လစာငွေများ ဆက်လက်ထုတ်ပေးသွားမည်

မိုးနဲ မတ် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပင်စင်လစာငွေများကို ၂၀၂၃ ခုနှစ် မတ်လ ၂၁ ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲ အချိန်တွင်လည်း ပင်စင်အငြိမ်းစားများမှ အေးချမ်းစွာလာရောက် ထုတ်ယူလျက်ရှိပြီး ဘဏ်ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မိုးနဲမြို့နယ်တွင် လစဉ် ၂၁ ရက်နေ့နှင့် နောက်ပိုင်း နိုင်ငံ့ဝန်ထမ်းလစာ‌ငွေများ မထုတ်‌ပေးမီ ရုံးပိတ်ရက်မှအပ ရုံးဖွင့်ရက်များ၌ နံနက် ၈  နာရီခွဲအချိန်တွင် ထုတ်ပေးလျက်ရှိကြောင်း၊ မိုးနဲမြို့နယ်တွင် ပင်စင်စား စုစုပေါင်း ၃၄၃ ဦးရှိပြီး ယမန်နေ့တွင် မြို့ပြပင်စင်စား၊ နိုင်ငံရေးပင်စင်စား၊ ဘဏ်ပင်စင်စား စုစုပေါင်း ၁၃၄ ဦးနှင့် ကာကွယ်ရေးပင်စင်စား ၁ ဦးပေါင်း (၁၃၅) ဦး လာရောက်ထုတ်ယူခဲ့ပြီး ဖြစ်ကြောင်း၊ ဆက်လက်၍ (၂၀၈) ဦး လာရောက်ထုတ်ယူရန်ကျန်ရှိကြောင်း၊ ပင်စင်ငွေများကို (၆) လအထိ စုဆောင်းခွင့်ရှိသဖြင့် (၄) လ တစ်ကြိမ် (၆) လတစ်ကြိမ်လာရောက် ထုတ်ယူသူများလည်းရှိကြောင်းနှင့် ကိုယ်တိုင်မလာ ရောက်နိုင် သဖြင့် ကိုယ်စာလှယ်လွှဲစာဖြင့် လာရောက်ထုတ်ယူသူများလည်းရှိကြောင်း ဘဏ်တာဝန်ရှိသူထံမှ သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)