နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအတွက် မတည်ငွေထုတ်ချေးပေးနိုင်ရေး စီမံကိန်းဆိုင်ရာ မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီရွေးချယ်ခြင်းနှင့် စီမံကိန်းဆိုင်ရာ သင်တန်းဖွင့်လှစ်

မြောက်ဦး  မတ်  ၂၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးထုတ်လုပ်မည့် မြစိမ်းရောင်စီမံကိန်းမိတ်ဆက်ခြင်း၊ ကော်မတီရွေးချယ်ခြင်းနှင့် စီမံကိန်းဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြောင်းဘွေကျေးရွာ စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးလွင်ဖြိုးက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးထုတ်လုပ်မည့် မြစိမ်းရောင်စီမံကိန်းကို စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူတို့က ရန်ပုံငွေလုပ်ထုံးလုပ်နည်းနှင့် အညီစာချုပ်စာတမ်းများဖြင့် စနစ်တကျ ထုတ်ပေးမည်ဖြစ်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဒေသအလိုက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အကျိုးရှိရှိသုံးစွဲကြရန် ရှင်းလင်း ပြောကြားခဲ့သည်။ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်လိုသည့် ကျေးရွာကော်မတီအား ဖွဲ့စည်းတာဝန်ပေးအပ်၍ စီမံကိန်းဆိုင်ရာသင်တန်းအား ဖွင့်လှစ်ပြီး သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူတို့က မိမိဌာနနှင့် ဆက်စပ်သော အကြောင်းအရာများကို စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသည့် ဒေသခံပြည်သူများကို သင်ကြားပို့ချပေးလျှက်ရှိကြောင်း သိရသည်။

အဆိုပါစီမံကိန်းမိတ်ဆက်ခြင်းနှင့် သင်တန်းဖွင့်ပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်နေသည့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြင့်စိုး၊ စိုးငြိမ်းနိုင်(ပြန်/ဆက်)