နမ့်ဆန် မတ် ၂၂
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် စည်ပင်သာယာရေးဌာနမှ ဇယန်းကြီးကျေးရွာရှိ မြို့သောက်သုံးရေဖြန့်ဝေလျက်ရှိသော ဂါလံ(၁၀၀၀၀၀)ဆန့် ရေစုကန်အား ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန် တွင် ရေစုကန်အားသန့်ရှင်းရေးပြုလုပ်ခဲ့သည်။
အဆိုပါ သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ရာသို့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခင်ဇော်လှိုင်နှင့် ဒေသအဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်နှင့် ဌာနဆိုင်ရာအကြီးအကဲများ သွားရောက်ကြည့်ရှုကြကြောင်း သိရသည်။
ထိုသို့ သွားရောက်ကြည့်ရှုရာတွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်နိုင်က ရေစုကန် အမှိုက်ဆယ်ယူခြင်းလုပ်ငန်း မပြုလုပ်သည်မှာ နှစ်ပေါင်း ၂၀ ကျော်ခန့် ရှိပြီဖြစ်ရာ ရေပိုက်များတွင် ရွံ့နွံများပိတ်ပြီး သောက်သုံးရေ အနည်းငယ် လျော့ကျလာသည့် အတွက် ရေကန်တွင်းတွင် အမှိုက်များသည် ရွံ့နွံများဖြင့် ပြည့်နေသောကြောင့် သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ ရေပိုက်အတွင်းသို့ ရေကောင်းစွာစီးဆင်းစေရန်အတွက် မြို့သောက်သုံးရေ ရေစုကန်အား သန့်ရှင်းရေးပြုလုပ်ရခြင်းဖြစ်ကြောင်းရှင်းပြရာ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခင်ဇော်လှိုင်က မိဘပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိစေရေး လိုအပ်သည်များကို ဆွေးနွေးပြောကြားပြီး သန့်ရှင်းရေးလုပ်ငန်းကိုဆောင်ရွက်နေသူများအား အားပေးစကား ပြောကြားခဲ့သည်။
ယခုသန့်ရှင်းရေးပြုလုပ်သည့် မြို့သောက်သုံးရေကန်သည် ဂါလံ (၁၀၀၀၀၀)ဆန့် ရေစုကန်ဖြစ် ပြီး မြို့ပေါ်(၆)ရပ်ကွက်၊ ဇယန်းကြီးကျေးရွာ၊ ငွန်ဆိုင်းကျေးရွာတို့အား သောက်သုံးရေ ဖြန့်ဖြူး ပေးလျက်ရှိရာ ဖြန့်ဝေပေးထားသည့် ရပ်ကွက်/ကျေးရွာများရှိမိဘပြည်သူများ ရေကိုဖူလုံစွာ သောက်သုံးနိုင်ရန်အတွက် ရေထွက်ရေဦး’မှ တိုက်ရိုက် ဆက်သွယ်ဖြန့်ဖြူးပေးလျက်ရှိကြောင်းကို မြို့နယ်စည်ပင်သာယာ ရေးဌာန အမှုဆောင်အရာရှိ ဦးကျော်နိုင်ထံမှ သိရပါသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)