လယ်ဝေး မတ် ၂၂
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ်၊ ချောင်းမငယ်ရေလှောင်တမံဧရိယာ Agroecological စီမံကိန်းလုပ်ငန်းများတွင် မျိုးစေ့နှင့် သွင်းအားစုများပေးအပ်ပွဲကို ယမန်နေ့နံနက် ၈ နာရီက ကုန်းပေါ်စုကျေးရွာ၊ SMU ခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးဦးဝင်းထိန်က ချောင်းမငယ်ရေလှောင်တမံဧရိယာ Agroecological စီမံကိန်းလုပ်ငန်းများကို ဒေသခံပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်းနှင့် ဒေသခံပြည်သူများအနေဖြင့် မိမိတို့၏ လူမှုစီးပွားဘဝများ တိုးတက်ပြောင်းလဲနိုင်စေရေးအတွက် ရရှိလာသည့် အခွင့်အလမ်းများကို တန်ဖိုးထား၍ ကြိုးပမ်းဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ လယ်ဝေးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောဝင်းက ချောင်းမငယ်ရေလှောင်တမံဧရိယာတွင် Agroecological လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ၊ သီးနှံစိုက်စနစ်များ မှန်ကန်စေရန် တောင်သူဆွေးနွေးပွဲများ၊ ပညာပေးသင်တန်းများ ဆောင်ရွက်ပေးခြင်း၊ မျိုးကောင်း၊ မျိုးသန့်များ ဖြန့်ဖြူးပေးခြင်း၊ နှစ်ရှည်သီးနှံစိုက်ပျိုးရန် ဖြန့်ဖြူးခြင်းတို့ ဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တိုင်းဦးစီးမှူး ဦးဝင်းထိန်နှင့် မြို့နယ်ဦးစီးမှူးဦးစောဝင်တို့က ချောင်းမငယ်ရေလှောင်တမံဧရိယာ Agroecological စီမံကိန်းလုပ်ငန်းများတွင် ပါဝင်သည့် ဒေသခံတောင်သူများအား မျိုးစေ့နှင့်သွင်းအားစုများ ပေးအပ်ခဲ့သည်။
ချောင်းမငယ်ဆည်သည် လယ်ဝေးမြို့၏ အနောက်ဘက် ၁၀ မိုင်အကွာ ပန်းညိုစမ်းရွာအနီးတွင် တည်ရှိပြီး ၂၀၀၆ ခုနှစ်တွင် တည်ဆောက်ပြီးစီးကာ ဆည်ရေပေးဝေလျက်ရှိသည်။ မူလက မိုးစပါးနှင့်မတ်ပဲသာ စိုက်ပျိုးနိုင်ပြီး ယခုအခါ ဆည်ရေဖြင့် မိုးစပါး၊ မတ်ပဲ၊ နွေစပါး တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်သဖြင့် ဆည်ရေသောက် ဒေသခံတောင်သူများ ဝင်ငွေ မြင့်မားလျက်ရှိသည်။ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဆည်အထက်ပိုင်းဒေသများတွင် ရေဝေရေလဲဒေသများ ဂေဟစနစ် မပျက်စီးစေရေးအတွက် နှစ်ရှည်သီးနှံများ စိုက်ပျိုးရန် သရက်၊ ပိန္နဲ၊ ငှက်ပျော၊ သြဇာ စသည့် သီးနှံများကို ဖြန့်ဖြူးပေးလျက်ရှိပြီး မြေဆီလွှာဖွံ့ဖြိုးရေးသည် အရေးကြီးသဖြင့် ကွန်တိုကန်သင်းကန့်ခြင်း အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်စပ်ဌာနများနှင့်လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)