ရန်ကုန် မတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့်(၁၂)နာရီအချိန်က အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ မင်းဓမ္မလမ်းပေါ်ရှိ သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပသည်။
ကျင်းပရာတွင် အစိုးရဓမ္မာစရိယစာမေးပွဲကျမ်းရင်းပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ(၁)ဘာသာရပ်ကိုအင်းစိန်ခရိုင် စာဖြေဌာန၌ အင်းစိန်မြို့နယ်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေပြည်သာမြို့နယ်များအတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ စာရင်းရှိ သံဃာတော်အပါး(၃၀၇)၊ သီလရှင်အပါး(၄၂) စုစုပေါင်းအပါး(၃၄၉)ရှိပြီး ဖြေဆိုသည့်သံဃာတော်အပါး(၂၂၄)၊ သီလရှင်အပါး(၂၆)စုစုပေါင်းအပါး(၂၅၀) ဝင်ရောက်ဖြေဆိုပြီး အဆိုပါစာမေးပွဲများကိုမတ်လ(၂၁)ရက်နေ့မှ ဧပြီလ(၃)ရက်နေ့အထိ နေ့စဉ်မွန်းတည့် (၁၂:၀၀)နာရီအချိန်မှ ညနေ(၄:၀၀)နာရီအချိန်အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။
စာဖြေသံဃာတော်များ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် အင်းစိန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးမင်းထွဋ်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသုခလှိုင်၊ မြို့နယ်စည်ပင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဩဝါဒစရိယဆရာတော်ကြီးများ၊ အထူးကြီးကြပ်ရေးအဖွဲ့ ဆရာတော်များ၊ စာဖြေဌာနကြီးကြပ်ရေးအဖွဲ့ ဆရာတော်များနှင့်တာဝန်ရှိသူများက လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)