ပျဉ်းမနား မတ် ၂၂
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဗျူဟာ သာသနာ့ ဗိမာန်တော်ကြီး၌ အစိုးရဓမ္မာစရိယစာမေးပွဲ ဖြေဆိုတော်မူကြသော သံဃာတော်များနှင့် သီလရှင်များကို သွားရောက်ဖူးမြော်ကြည်ညို၍ ပျဉ်းမနားစာဖြေဌာန၊ ကြီးကြပ်ရေးဆရာတော် ကြီးများထံ စာဖြေဌာနအတွက် အလှူတော်ငွေကျပ် ၁၀ သိန်းကို ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့် တာဝန်ရှိသူများက အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုတော်မူကြသော သံဃာတော်များနှင့် သီလရှင်များအား လှည့်လည်ဖူးမြော် ကြည်ညိုခဲ့ကြသည်။
ပျဉ်းမနားမြို့နယ် အစိုးရဓမ္မာစရိယစာမေးပွဲ စာဖြေဌာန၌ စာရင်းသွင်း သံဃာတော်များနှင့် သီလရှင် (၂၆၉)ပါးရှိပြီး ဖြေဆိုသူ (၂၃၄)ပါးတို့ ဝင်ရောက်ဖြေဆိုတော်မူကြသည်။ စာဖြေ သံဃာတော်များနှင့် သီလရှင်များ အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုနေမှုအား ဩဝါဒစရိယ ဆရာတော်ကြီး (၄)ပါး၊ အထူးကြီးကြပ်ရေးဆရာတော်(၉)ပါး၊ ကြီးကြပ်ရေးဆရာတော်(၁၂)ပါး၊ နေပြည်တော် သာသနာရေး မှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဝင်း၊ မြို့နယ်သာသနာ ရေးမှူးနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို မတ်လ(၂၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။
မျိုးသီဟ(ပြန်/ဆက်)