တောင်ကုတ် မတ် ၂၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့နံနက် (၁၁)နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမြင့်ရွှေက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံးမှ အငယ်တန်းစာရေး ဦးငြိမ်းသူနိုင်က ကလေးသူငယ် အခွင့်အရေးများနှင့် ပတ်သက်၍ မေးမြန်းရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန့်ဇင်ဖြိုးက ကလေးသူငယ်ဆိုသည်မှာ အသက်(၁၈)နှစ် မပြည့်သေးသောသူကိုဆိုလိုကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ(၁၈)တွင် ကလေးသူငယ်တိုင်းသည် အသက်ရှင်သန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်မှုရရှိရေးနှင့် လူ့အဖွဲ့အစည်းတွင် ပါဝင်ဆက်ဆံခွင့်ရရှိစေရေးတို့အတွက် အခွင့်အရေးများရှိပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေတွင် ကလေးသူငယ်များအတွက် အခွင့်အရေးများရှိသကဲ့သို့ ကလေးသူငယ်တိုင်း အသက်အရွယ်အလိုက် လိုက်နာ စောင့်ထိန်းရမည့် ကျင့်ဝတ်စည်းကမ်း(၆)ချက်ရှိကြောင်း၊ ကလေးသူငယ်များအပေါ် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ လစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်ခြင်းများ မပြုလုပ်နိုင်အောင် တားဆီးကာကွယ်ရန်လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံးသည် အများပြည်သူ အသိပညာဗဟုသုတတိုးပွားစေမည့် အကြောင်းအရာများကို ရိုက်ကူး၍ Online မှတစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)