မန့်ဟီးရိုး မတ် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ဒေသထွက်ရာသီတို ဟင်းသီးဟင်းရွက်ဖြစ်သော ကန်စွန်းရွက်ကို မိသားစုစားသုံးရန်အပြင် အခြားမြို့နယ်ဈေးများသို့ လက်လီလက်ကား တင်ပို့ရောင်းချရန်အတွက် တိုးချဲ့စိုက်ပျိုးလျက်ရှိပါသည်။
ကန်စွန်းပင်သည် ရာသီမရွေးစိုက်ပျိုးနိုင်သော ဟင်းသီးဟင်းရွက်ဖြစ်သည့်အလျောက်မန့်ဟီးရိုးမြို့ ဒေသစိုက်ပျိုးတောင်သူများသည် ရွှေလီမြစ်ရေအလုံအလောက်ရရှိ၍ တစ်နှစ်ပတ်လုံး ပေါင်းမိုးအကာများနှင့် စိုက်ပျိုးလျက်ရှိပါသည်။ ကန်စွန်းပင်စိုက်ပျိုးမှုသည် အခြားသောအသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များစိုက်ပျိုးသကဲ့သို့ ဓာတ်မြေဩဇာ သုံးစွဲစရာမလိုအပ်သောကြောင့် စိုက်ပျိုးစရိတ်ခနည်း၍ စိုက်ပျိုးတောင်သူအတွက် အရင်းနည်းပြီး အမြတ်ရသော ဟင်းသီးဟင်းရွက်ဖြစ်ပါသည်။ ထို့အတူ စိုစွတ်သောမြေနေရာတွင် ကန်စွန်းပင်ပေါက်ကို မြေဘောင်ပြုလုပ်စိုက်ပျိုးရပြီး စနစ်တကျပေါင်းမိုးအကာများဖြင့် (၃)ရက်တစ်ခါ ရေဖြန်းပေးခြင်းများ ပြုလုပ်ပေးရသည်။ ကန်စွန်းပင်ပေါက်ကို စတင်စိုက်ပျိုးသည့်ရက်မှ ရက်သတ္တပတ်(၃)ပတ်အတွင်းတွင် စတင်ခူးဆွတ်နိုင်ပြီး စခူးပြီးသည့်နောက်ရက်မှစ၍ အညွှန့်အတက်များသည် ရက်ချင်းသိသိသာသာ ကြီးထွားနိုင်သောကြောင့် (၃)ရက်ခြားတစ်ခါ ခူးဆွတ်နိုင်ပါသည်။ ကန်စွန်းပင်သည် ခူးဆွတ်လေလေ အညွှန့်အတက်များက ပိုမိုကြီးထွားလာသည့် နွယ်ပင်အမျိုးအစားဖြစ်ပြီး ဒေသတောင်သူတိုင်း လွယ်လွယ်ကူကူစိုက်ပျိုးနိုင်သည့်အတွက်ကြောင့် မန့်ဟီးရိုးမြို့တောင်သူတိုင်း စိုက်ပျိုးလျက်ရှိကြောင်း သိရပါသည်။
မန့်ဟီးရိုးမြို့ ကန်စွန်းစိုက်တောင်သူတစ်ဉီး၏ ပြောကြားချက်အရ ကန်စွန်းပင်စိုက်ပျိုးမြေတစ်ဧကလျှင် နေ့စဉ်ပျှမ်းမျှမြန်မာငွေ (၂၀၀၀၀)ကျပ်ဖိုး ခူးဆွတ်ရောင်းချရပြီး မိသားစုချက်ပြုတ်စားသောက်ရရုံအပြင် အခြားသောမြို့နယ်ဈေးများသို့ လက်လီလက်ကားရောင်းချရသောကြောင့် နေ့စဉ်အပိုဝင်ငွေရရှိနေပြီး တောင်သူတိုင်းစိုက်ပျိုးသင့်သော ရာသီတိုဟင်းသီးဟင်းရွက်ဖြစ်ကြောင်း သိရှိရပါသည်။
ဆက်ပိုင်(မန့်ဟီးရိုး)