ကျောက်တန်းမြို့နယ် အမှိုက်များရေပြင်တွင် စွန့်ပစ်ခြင်းအား ထိန်းချုပ်ကာကွယ်စီမံနိုင်ရေး လူထုအသိပညာပေးဟောပြောပွဲ

ကျောက်တန်း မတ် ၂၁

ကျောက်တန်းမြို့နယ်၊ အမှိုက်များရေပြင်တွင် စွန့်ပစ်ခြင်းအား  ထိန်းချုပ်ကာကွယ်စီမံနိုင်ရေး လူထုအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရေလယ်ဘုရားဈေးရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ကျောက်တန်းမြို့နယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်တင်မိုးဆွေ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ ဈေးသူဈေးသားများ တက်ရောက်ခဲ့သည်၊၊

ရှေးဦးစွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်တင်မိုးဆွေမှ ကျောက်တန်းမြို့ နယ်တွင် အမှိုက်များကို ရေပြင်သို့ စွန့်ပစ်ခြင်းအား မပြုလုပ်ရန် အခုလိုအသိပညာပေး ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ အမှိုက်များရေပြင်သို့ စွန့်ပစ်ခြင်းလျော့နည်းစေလိုတဲ့အတွက် လစဉ်လတိုင်း အသိပညာပေး ဟောပြောပွဲကိုပြုလုပ်ခြင်းဖြစ်ပါကြောင်း ကျောက်တန်းမြို့ရဲ့ အထင်ကရ ဖြစ်တဲ့ရှေးဟောင်းသမိုင်းဝင် ရေလယ်စေတီတော်မြတ်ကြီး တည်ရှိရာ မှော်ဝန်းချောင်း တစ်ခုဖြစ်တဲ့အတွက်လည်း အားလုံးကပူးပေါင်းပြီး သန့်ရှင်းအောင်ဆောင်ရွက်စေလိုပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်၊၊

ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းက အခုလို အသိပညာပေးဟောပြောပွဲကို လစဉ်ပြုလုပ်ပေးသည့်အတွက် ရေပြင်သို့ အလွယ်တကူ အမှိုက်များစွန်ပစ်ခြင်းများ လျော့နည်းလာ ပြီးကောင်းမွန်တဲ့အလေ့အထတစ်ခုဖြစ်လာပါကြောင်း ယခုအချိန်အခါသည် ဘုရားဖူးများလာရောက်ဖူးမျှော်သည့်အချိန်အခါဖြစ်၍ ဘုရားစျေးတန်းမှာ သန့်ရှင်းနေပြီး အမှိုက်များကို မှော်ဝန်းချောင်းထဲသို့ အလွယ်တကူ မပစ်ခြင်းဖြင့် ပတ်ဝန်းကျင် သာယာလှပသန့်ရှင်းစေပါကြောင်း၊ အတတ်နိုင်ဆုံးရေပြင်သို့အမှိုက်များကို မစွန့်ပစ်စေခြင်း ပါကြောင်း စသည်တို့ကို ပြောကြားခဲ့ကြောင်း သတင်းရရှိသည်၊၊

ကျောက်တန်း (ပြန်/ဆက်)