ပင်လုံ အောက်တိုဘာ ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒစာရင်းများ ကြေညာခြင်းကို ယနေ့ နံနက်ပိုင်း မှ စတင်၍ အမှတ် ၁,၂,၃,၄ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားကြောင်း သိရသည်။
ရှေးဦးစွာ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ ၁ ရက်နေ့မှ စတင်၍ အောက်တို ဘာလ ၁၄ ရက်နေ့အထိ ရပ်ကွက်/ကျေးရွာအတွင်းရှိ သတ်မှတ်ထားသည့် နေရာများတွင် (၁၄)ရက်ကြာ ကပ်ထား ကြေညာပေးမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်စာရင်းများကြေညာထားပါက ပြည်သူများ သိရှိနိုင်ရန်နှင့် လာရောက် ကြည့်ရှုနိုင်ရေးကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများမှ အသိပေးနှိုးဆော် ၍ရပ်ကွက်အလိုက်လှည့်လည်ကြေငြာထားပြီး ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးခွင့်ရှိသူတိုင်း ဆန္ဒမဲ ပေးခွင့် မဆုံးရှုံးစေရန်အတွက် မဲစာရင်းများကို တိကျမှန်ကန်မှုရှိစေရေး နှင့် အထွေထွေရွေး ကောက်ပွဲ အား စံ(၅) ချက်နှင့် အောင်မြင်စွာကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
ဒုတိယအကြိမ် မဲဆန္ဒစာရင်းများ ကပ်ထားကြေညာသည့်ကာလအတွင်း မဲဆန္ဒရှင်စာရင်းတွင် အမည် မပါခဲ့သော် ပြည်သူများအနေဖြင့် ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန်တောင်းဆိုနိုင်ခြင်း၊ မဲစာရင်းတွင် မပါရှိ သင့်သူများအား ကန့်ကွက်လိုလျှင် ပုံစံ(၄)ဖြင့်လည်းကောင်း၊ မဲစာရင်း နှင့်စပ်လျဉ်းသော အချက် အလက် မှားယွင်းနေပါက ပုံစံ၄(ဂ)ဖြင့် လည်းကောင်း အချိန်မီ ဖြည့်စွက်လျှောက်ထားနိုင်ကြောင်းနှင့် မဲဆန္ဒရှင်သည် ဗမာတိုင်းရင်းသားလူမျိုး၊ ကချင်တိုင်းရင်းသားလူမျိုး၊ လားဟူတိုင်းရင်းသားလူမျိုး၊ လီဆူ တိုင်း ရင်းသားလူမျိုး၊ အင်းတိုင်းရင်းသားလူမျိုး၊ ကယန်းတိုင်းရင်းသားလူမျိုး၊ အာခါတိုင်းရင်းသားလူမျိုး များဖြစ် နေပြီး မိမိသည် တိုင်းရင်းသားလူမျိုးမဲဆန္ဒရှင်စာရင်းတွင် မပါခဲ့သော် တိုင်းရင်းသားလူမျိုး အမည် စာရင်းတွင် ထည့်သွင်းပေးပါရန် လျှောက်ထားနိုင်ကြောင်း သိရသည်။
နန်းမြင့်မြင့်ဆွေ