အင်တောမြို့တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာ

အင်တော အောက်တိုဘာ ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊  အင်တောမြို့တွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ထုတ်ပြန် ကြေညာခြင်းကို ယနေ့ နံနက်ပိုင်းမှ စတင်၍ မြို့ပေါ်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၅)စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများ၌  ထုတ်ပြန်ကြေညာပေးထားကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပ ပြုလုပ်ရာတွင် မဲဆန္ဒရှင်များအနေဖြင့် ဆန္ဒမဲများပေးနိုင်ရေးအတွက် ဆန္ဒမဲစာရင်းတွင် မိမိ အမည် မပါဝင်ပါက ပုံစံ (၃)ဖြင့် အမည်ထည့်သွင်းရန် တောင်းဆိုခြင်း၊ အခြားဒေသမှ လာရောက် နေထိုင်သူများဖြစ်ပါက ပုံစံ -၃ (က) ဖြင့် လျှောက်ထားခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်ပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်း ပါအချက်အလက်များ မှားယွင်း နေပါက ပုံစံ-၄(ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများမှ ပြန်လည်စိစစ်၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် မဲစာရင်းများ လာရောက်ကြည့်ရှုကြရန် နှိုးဆော်ထားကြောင်း သိရသည်။

အဆိုပါ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများအား အောက်တိုဘာ(၁) ရက်နေ့မှ (၁၄) ရက်နေ့အထိ နောက်ဆုံးအကြိမ်အဖြစ် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် ကပ်ထားကြေညာပေးထားမည်ဖြစ်ပြီး Web Application ဖြစ်သည့် findyourpollingstation.uec.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်သည့်အပြင် Mobile Application ဖြစ်သော findyourpoolingstation.apk ကို Download ရယူပြီး မဲစာရင်းတွင် မိမိအမည်ပါ/မပါ ကြည်ရှုစစ်ဆေးနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။

အောင်ခိုင် (အင်တော)