ပူတာအို၌ မြို့နယ်အဆင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဉပဒေ အသိပညာပေးဆွေးနွေး

ပူတာအို မတ် ၂၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူး၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဉပဒေ အသိပညာပေးဆွေးနွေးခြင်းကို ယနေ့နံနက် (၁၀)နာရီက ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပူတာအိုခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဉက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌ ဦးခေါင်လန်ဒီးက မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို ၁၉၉၁-ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည့်အတွက် အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်နှင့်အညီ ၁၉၉၃-ခုနှစ်တွင် ကလေးသူငယ်ဉပဒေကို ပြဌာန်းခဲ့ပါကြောင်း၊ ၂၀၁၉-ခုနှစ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဉပဒေအရ ဖွဲ့စည်းထားရှိသော ပူတာအိုခရိုင်/မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ဉက္ကဋ္ဌ တာဝန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများအနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဉပဒေကို သိရှိနားလည်ပြီး ကလေးသူငယ်များအကျိုးအတွက် အခွင့်အရေးများ ပိုမိုရရှိရေး ဝိုင်းဝန်းဖြည့်ဆည်းဆောင်ရွက်ပေးစေလိုကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းအောင်က ၂၀၁၉-ခုနှစ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဉပဒေကို (၂၃.၇.၂၀၁၉)တွင် ပြဌာန်းခဲ့ပြီး အခန်း(၃၀) ပုဒ်မ(၁၂၁)ခု ပါဝင်လျက်ရှိကြောင်း၊ ဉပဒေတွင် ကလေးသူငယ်များ၏ အခွင့်အရေးများ၊ ကလေးသူငယ်များကို မွေးစားခြင်း၊ ပညာရေးဆိုင်ရာ အခွင့်အရေးများ၊ ကလေးသူငယ်များ အလုပ်လုပ်ကိုင်ခြင်းနှင့် အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း၊ မသန်စွမ်းကလေးသူငယ်များ၊ ပြည့်တန်ဆာပြုလုပ်ခိုင်းစေခြင်း၊ ကလေးသူငယ် ညစ်ညမ်းပုံစံပြုလုပ်ဖြန့်ဖြူးခြင်း၊ ကလေးသူငယ်၏ ကျင့်ဝတ်စည်းကမ်းများ၊ မိဘအုပ်ထိန်းသူနှင့် ဆရာ/မများ၏ တာဝန်ဝတ္တရားများ၊ ကလေးသူငယ်ကို ပြစ်မှုဖြင့်အရေးယူခြင်းနှင့် ကင်းလွတ်ခွင့် စသည့် ခေါင်းစဉ်များပါဝင်ပြီး ကလေးသူငယ်များ အကျိုးအတွက် ပိုမိုဖြည့်ဆည်းပေးနိုင်ရန် ပြဌာန်းထားရှိကြောင်း ပရိုဂျက်တာဖြင့် အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေးပြီး အခမ်းအနား တက်ရောက်လာသည့် မြို့နယ်/ရပ်ကွက်/ကျေးရွာအုပ်စုအဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီများ၊ လူမှုရေးအသင်းအဖွဲ့များက ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ပြည်နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)