ဗန်းမော် မတ် ၂၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေကူမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနတို့ ပူးပေါင်း၍ ဓာတုပိုးသတ်ဆေးအန္တရာယ် အသိပညာပေး Talk Show ကို ယနေ့ နေ့လယ် ၁ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ Talk Showတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သဲစုမိုးက ဓာတုပိုးသတ်ဆေးအန္တရာယ်နှင့် ပတ်သက်၍ လူနေမှုအဆင့်အတန်း မြင့်မားလာသည့်အတွက် ဓာတုပိုးသတ်ဆေးအသုံးပြုမှု များပြားလာမှုကြောင့် ဖြစ်ပေါ်လျက်ရှိသည့် အကြောင်းအရာများ၊ ပတ်ဝန်းကျင်တွင် ဓာတုပိုးသတ်ဆေးကို အသုံးပြုသည့်နေရာများ၊ ပိုးသတ်ဆေး အမျိုးအစားများ၊ ဓာတုပိုးသတ်ဆေးကို သုံးစွဲရာမှာ စနစ်တကျသုံးစွဲခြင်းမရှိပါက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်မှုများ၊ ဓာတုပိုးသတ်ဆေးကို နှစ်ပေါင်းများစွာ အသုံးပြုမှုကြောင့် ဇီဝမျိုးစုံမျိုးကွဲများအပေါ် ထိခိုက်နိုင်သည့်အခြေအနေများ၊ ပိုးသတ်ဆေးကြွင်းအကြောင်းများ၊ ပိုးသတ်ဆေးကြွင်းကြောင့် လူသားများ၏ ကျန်းမာရေးအန္တရာယ် ထိခိုက်နိုင်သည့် အကြောင်းများ၊ အသီးအရွက်၊ အသား၊ ငါးတွေမှာ ပိုးသတ်ဆေး ဓာတ်ကြွင်းကျန်ရှိမှု နည်းစေရန် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ပိုးသတ်ဆေးအသုံးပြုရာတွင် ကျန်းမာရေးအန္တရာယ် ကင်းဝေးစေရေး လိုက်နာရမည့် အချက်များ၊ ပိုးသတ်ဆေးအသုံးပြုမှုကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်ပေါ်စေရေး လိုက်နာရမည့် အချက်များကို ဆွေးနွေးမေးမြန်းခဲ့ရာ ရွှေကူမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်နှင်းဝေဝေက ဓာတုပိုးသတ်ဆေးအသုံးပြုမှုနှင့် ပတ်သက်၍ ပြည်သူများ လိုက်နာရမည့် အချက်များ၊ ရှောင်ကြဉ်သင့်သည့်အချက်များကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်