မချမ်းဘော့ မတ် ၂၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ၂၀၂၃ခု နှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၁နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နီနီလွင်က ဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို တန်ဖိုးထား မြတ်နိုးကြရမည့် အချက်များ၊ တပ်မတော်နေ့ဖြစ်ပေါ်လာပုံ သမိုင်းအကျဥ်းနှင့် (၇၈) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏ အင်အား (၁၀)ပါး စသည့်အချက်များကို ဗဟုသုတရရှိစေရန် အသိပညာပေး ဟောပြောသည်။ ထို့နောက် ဟောပြောပွဲတက်ရောက်လာကြသော စာဖတ်ပရိတ်သတ် ကျောင်းသား၊ ကျောင်းသူ ၂၅ ဦးတို့က ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်တို့ကို စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော့)