စဉ့်ကိုင် မတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ ဟောပြောပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့၀င်များတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ ဖွဲ့စည်းထားရှိမှုနှင့် ကလေးငယ်များလူကုန်ကူးခံရ၍ ခိုင်းစေခံရသည့် ဖြစ်စဉ်များ၊ ကလေးငယ်များအပေါ်လုပ်အားခေါင်းပုံဖြတ်ခံရမှုမရှိစေရန်အတွက် ကလေးအလုပ်သမား ပပျောက်ရေးကို အလေးထားဆောင်ရွက်သွားရန် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ကျောက်ဆည်ခရိုင် လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့်ပြည်လည်နေရာချထားရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးသက်က ကလေးအလုပ်သမားများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေးအလုပ်သမားများနှင့် ကျောင်းပညာရေး၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန် ကန့်သတ်ချက်များ၊ ကလေးအလုပ်သမား ပပျောက်ရေး၊ မသန်စွမ်းကလေးသူငယ်များရရှိနိုင်သည့်အခွင့်အရေးများ၊ ဥပဒေထုတ်ပြန်ထားသည့်ပြစ်မှု၊ ပြစ်ဒဏ်များ၊ အခွင့်အရေးစသည့် ကလေးအလုပ်သမားနှင့် သက်ဆိုင်သည့် သိမှတ်ဖွယ်ရာ အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)