သီပေါမြို့ ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်းတွင် ပုံပြင်ပြောခြင်း၊ အရုပ်ဆက်ခြင်းနှင့် မှတ်ဉာဏ်ဂိမ်းကစားခြင်းများ ဆောင်ရွက်

သီပေါ မတ် ၂၁

နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူကလေးများအချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ဉာဏ်ပညာတိုးတက်လာစေရန်၊ စာဖတ်စွမ်းရည်တိုးတက်လာစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်၍ ဝင်ထွက်သွားလာ အသုံးပြုတတ်စေရန်တို့အတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ယနေ့နံနက်(၁၀)နာရီက ပုံပြင်ပြောခြင်း၊ အရုပ်ဆက်ခြင်းနှင့် မှတ်ဉာဏ်ဂိမ်းကစားခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့ စာငှား၊ စာဖတ်လာရောက်ကြသော ကလေးများအား အသိပညာဗဟုသုတရရှိစေရန်နှင့် စာဖတ်စွမ်းရည်ပိုမိုမြင့်မားလာစေရန်တို့အတွက် ရုံးအကူဝန်ထမ်း ဒေါ်ဝိုင်းသူဇာခင်ကစာရေးသူ ဆုမြတ်မွန်ရေးသားပြုစုသည့် “ဉာဏ်ကောင်းတဲ့ ယုန်ကလေး”နှင့် အိပ်ရာဝင်ပုံပြင်များစာအုပ်မှ“ပင်ကိုအလှ”ပုံပြင်အား ရုပ်ပုံပြပုံပြောပြီးနောက် အရုပ်ဆက်ကစားခြင်း၊ မှတ်ဉာဏ်ဂိမ်းကစားခြင်းနှင့် စာပေဖတ်ရှုလေ့လာခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူကလေးများ အားလပ်ရက်ရှည်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်အတွက် စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲ၊ ဟောပြောပွဲ၊ ပြပွဲပြိုင်ပွဲ၊ အခြေခံကွန်ပျူတာသင်တန်း၊ အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် အိမ်တွင်းမှုသင်တန်းများကို လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ၊ ပြန်ဆက်)