သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ကာလအတွင်း အခြေခံလူတန်းစား အိမ်ထောင်စုများအား စားသောက်ကုန်များ ထောက်ပံ့လှူဒါန်း

သီပေါ အောက်တိုဘာ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ အသားတုနှင့် ကုလားပဲတို့ကို ယနေ့နံနက်ပိုင်းက နယ်စည်းမခြား ပရဟိတ အသင်းမှ ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြသည်။

ထိုသို့ပေးအပ်လှူဒါန်းရာတွင် သီပေါမြို့နယ်အတွင်းရှိ အလှူရှင်များနှင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်အလှူရှင်များကိုယ်စား နယ်စည်းမခြား ပရဟိတအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကိုမျိုးနှင့် တာဝန်ရှိသူများက စျေးရပ်ရပ်ကွက်မှ အိမ်ထောင်စု(၁၃)စု ၊ (မီးရထား)ဘူတာရပ်ကွက်မှ အိမ်ထောင်စု(၁၁)စု၊ အနောက်ရပ်ကွက်မှ အိမ်ထောင်စု(၁၉)စုနှင့် မြန်မာရပ်ကွက်မှ အိမ်ထောင်စု(၁၈)စု ၊ စုစုပေါင်း(၆၁)စုတို့အား အိမ်ထောင်စုတစ်စုလျှင် ဆန်(၅)ပြည်၊ ဆီ(၅၀)သား၊ ဆား(၁)ထုပ်၊ ကြက်ဥ၊ အသားတုနှင့် ကုလားပဲတို့ကို ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြကြောင်းနှင့် ကျန်ရှိနေသော ရပ်ကွက်၊ ကျေးရွာများမှ အခက်အခဲရှိသော အိမ်ထောင်စုများသို့လည်း ဆက်လက်ထောက်ပံ့လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ခင်လေး (သီပေါ၊ပြန်/ဆက်)