သာစည် အောက်တိုဘာ ၁
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ၌ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့်အထူးရဲသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမောင်က အမှာစကားပြောကြားပြီး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း အဓိကရည်ရွယ်ချက် ဖြစ်သော မဲရုံလုံခြုံရေးအတွက် ရဲလုပ်ငန်းများကို စနစ်တကျဆောင်ရွက်တတ်စေရန်၊ သင်တန်းတွင် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေ၊ ရဲကျင့်ဝတ်၊ ပြည်သူလူထု ပူးပေါင်း ပါဝင်သော ရဲလုပ်ငန်းစနစ်စသည်ဖြင့် ဥပဒေ စည်းမျဉ်း စည်းကမ်းများ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစံနှုန်းများနှင့် အခြား သိမှတ် ဖွယ်ရာများကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် စည်ကမ်းတကျဖြင့် နေထိုင်ပြီး သင်ကြားပို့ချမှုများကို စိတ်ပါဝင်စားစွာဖြင့် လေ့လာ သင်ယူကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား နေချိန်ဖြစ်သောကြောင့် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ သင်ကြားပိုချ သွားမည်ဖြစ်ကြောင်း သင်တန်းသားများ ကလည်း ကျန်းမာရေးအသိသတိဖြင့် စနစ်တကျ လိုက်နာသွားကြရန် စသည်တို့ကို ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းတွင် သင်တန်းသား ၂၄၉ ဦးအား သင်တန်းနည်းပြ ၁၃ ဦးကအောက်တိုဘာ ၂၈ ရက်ထိ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်း(ပြန်/ဆက်)