ညောင်ဦး မတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဟူသော ရည်မှန်းချက်တာဝန်ကြီး ၄ ရပ်အား ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်သူအကျိုးပြုလုပ်ငန်းစဉ်တွင် တစ်ခု အပါအဝင်ဖြစ်သော သောက်သုံးရေလှူဒါန်းခြင်းလုပ်ငန်းများကိုလည်း နှစ်စဥ်လှူဒါန်းဆောင်ရွက်ပေးလျက်ရှိသည်။
ယခုအခါတွင် နွေဦးကာလသို့ ရောက်ရှိလာပြီဖြစ်သည်နှင့်အညီ အချို့သော ကျေးရွာများ၌ ကျေးရွာစက်ရေတွင်းများ ရေအလိုက်နည်းလာခြင်း၊ သဘာဝရေကန်များ ရေလျော့နည်းလာခြင်းများကြောင့် သောက်သုံးရေအခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မိမိတို့မြို့နယ်အတွင်းရှိ မြို့နယ်၊ ပုဂံ၊ ငါ့သရောက်၊ တောင်ဇင်း၊ စဥ့်ကူစသည့် နယ်မြေများအားလုံးအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ ကျေးရွာပြည်သူများ သောက်သုံးရေခက်ခဲ၍ အကူအညီများတောင်းခံလာပါက သွားရောက်လှူဒါန်းပေးနိုင်ရေး စီစဥ်ထားရှိပြီးဖြစ်သည်နှင့်အညီ ကျေးရွာမှ အကူအညီတောင်းခံလာမှုအရ ယမန်နေ့ ညနေ ၄ နာရီအချိန်က ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ ဖလန်ကန်ကျေးရွာလူထုအတွက် ရေဂါလံ ၃၂၀၀ အားသွားရောက်လှူဒါန်းပေးခဲ့ကြသည်။
အဆိုပါသောက်သုံးရေလှူဒါန်းခြင်းလုပ်ငန်းအား ညောင်ဦးမြို့နယ်၊ ငါ့သရောက်နယ်မြေမီးသတ်စခန်းမှ စခန်းတာဝန်ခံ လက်ထောက်မီးသတ်ဦးစီးမှူး သန်းလှိုင်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များမှ ရေဂါလံ ၁၆၀၀ ဆံ့ မီးသတ်ရေသယ်ယာဉ်(၁) စီးဖြင့် (၂) ခေါက်၊ စုစုပေါင်း ရေဂါလံ ၃၂၀၀ အား သွားရောက်လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံကသိရသည်။
ဒီပါလင်း