နွေရာသီကျောင်းပိတ်ရက် အခြေခံပညာအလယ်တန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်ဆွေးနွေးပွဲကျင်းပ

ကျိုက်မရော မတ် ၂၁

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက်များအတွင်း အခြေခံပညာအလယ်တန်းအဆင့် ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့်သင်တန်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က ကျိုက်မရောကျောင်း(ပညာအားမာန်)ခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျိုက်မရောမြို့နယ် ပညာရေးမှူး ဒေါ်စုစုဌေးက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးရာ၌ အခြေခံပညာအလယ်တန်းအဆင့် ဆရာ၊ ဆရာမများ၏ သင်ကြားမှု၊ သင်ယူမှုဆိုင်ရာစွမ်းရည်များ တိုးတက်မြင့်မားစေရန်အတွက် ဆွေးနွေးပို့ချပေးသွားမည်ဖြစ်၍ ဆရာ၊ ဆရာမများအနေဖြင့် ကြိုးစားလေ့လာသင်ယူကြရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။

အဆိုပါသင်တန်းသို့ ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံပညာ၊ အထက်တန်း၊ အလယ်တန်းကျောင်းများမှ သင်တန်းသား၊သင်တန်းသူ(၃၈၉)ဦး၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမ၊ (၁၆) ဦး၊ စုစုပေါင်း (၄၀၅)ဦးတို တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ မတ်လ ၂၁ ရက်နေ့မှ မတ် ၂၄ ရက်နေ့အထိ (၄)ရက်ကြာမြင့်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 မြို့နယ်(ပြန်/ ဆက်)