ပုဗ္ဗသီရိမြို့နယ်၌ စက်မှုနှင့်အသက်မွေးပညာရွေ့လျားသင်တန်း အမှတ်စဉ်(၁၂၆) ဆက်လက်ဖွင့်လှစ်

ပုဗ္ဗသီရိ မတ် ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်​ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ စက်မှုနှင့်အသက်မွေးပညာရွေ့လျားသင်တန်း အမှတ်စဉ်(၁၂၆) (အခြေခံလျှပ်စစ်သင်တန်း)ကို ဆက်လက်ဖွင့်လှစ်လျက်ရှိသည်။

အဆိုပါသင်တန်းကို လျှပ်စစ်အန္တရာယ်မှကင်းဝေးစေရန်၊ လျှပ်စစ်ကို အန္တရာယ်ကင်းစွာ ကိုင်တွယ်အသုံးပြုတတ်စေရန်၊ နေအိမ်သုံးလျှပ်စစ်ပစ္စည်းများကို ပြုပြင်သုံးစွဲတတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး အမှတ်(၃)စက်မှုသင်တန်းကျောင်း (သာဂရ)မှ သင်တန်းနည်းပြအရာရှိ ဦးဟိန်းမင်း၊ သင်တန်းမှူး ဦးရန်မျိုးကျော်နှင့် သင်တန်းဆရာမ​ဒေါ်အိရွှေစင်အောင်တို့က အခြေခံလျှပ်စ်ဘာသာရပ်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ လျှပ်စစ်တိုင်းတာရေးမီတာများ၊ လျှပ်စစ်ဝါယာကြိုးများ၊ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းနှင့် လျှပ်စစ်ပတ်လမ်းနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများအကြောင်းကို စာတွေ့လက်တွေ့ သင်ကြားလျက်ရှိသည်။

သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ(၂၄) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကို မတ်လ ၁၃ ရက်မှ ၂၄ ရက်နေ့အထိ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

သန္တာလင်း(ပုဗ္ဗသီရိ)