သီပေါမြို့နယ် ရေဟော်ကျောင်းတိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ဒုတိယအကြိမ်မြောက် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်

သီပေါ မတ် ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပန်းတိမ်တောင်ရပ်ကွက်ရှိ ရေဟော် ကျောင်းတိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ဒုတိယအကြိမ်မြောက် ယဉ်ကျေးလိမ္မာသင်တန်းကို ယနေ့ နံနက် ၈ နာရီခွဲက စတင်ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းတွင် ကျောင်းထိုင်ဆရာတော်နှင့် သီလရှင်ဆရာကြီးတို့က သင်ကြားပြသပေးကာ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ဗုဒ္ဓတရားတော်ဆုံးမစာများ၊ ဘုရားစာ၊ ဘုရားရှိခိုးနည်းများကို နားလည်သိရှိ သဘောပေါက်စေရန်နှင့် လိမ္မာယဉ်ကျေးလာစေရန် ရည်ရွယ်၍ မတ်လ(၂၁)ရက်နေ့မှ ဧပြီလ(၃၀)ရက်နေ့အထိ၊ အပတ်စဉ် တနင်္ဂနွေနေ့တစ်ရက်ကို ပိတ်ရက်အဖြစ် သတ်မှတ်ပြီး ရက်ပေါင်း (၃၅)ရက်ခန့် နေ့စဉ်နံနက် (၈)နာရီခွဲမှ (၁၀)နာရီအထိ သင်ကြားပြသ ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည့်ဖြစ်ကြောင်း၊ သင်တန်းသို့ မြို့နယ်အတွင်းရှိ ရှင်သာမဏေများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၀၀)ဦးခန့် တက်ရောက်လျက်ရှိကြောင်းနှင့် ယခင်နှစ်မှ စတင်၍ ဖွင့်လှစ်ဆောင်ရွက်ပေးခြင်းဖြစ်ရာ ယခုနှစ်တွင် ဒုတိယအကြိမ်မြောက် ဖွင့်လှစ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ရေဟော်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ထံမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)