ဆဒုံး မတ် ၂၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသခံတိုင်းရင်းသားများ၊ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများ အချိန်၏အကြောင်းနှင့် တန်ဖိုးရှိပုံကို သိရှိစေရန်နှင့် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်၍ “ယနေ့လူငယ်များနှင့်အချိန် ” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲအား ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်၊၊
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးဒေါ်ခင်မာဝင်းက ယနေ့ခေတ် လူငယ်လူရွယ်များ အချိန်၏အကြောင်းနှင့် တန်ဖိုးရှိပုံကို မေ့လျော့နေကြကြောင်း၊ လူငယ်လူရွယ်များ အနေဖြင့် အချိန်၏ စီမံခန့်ခွဲမှုကို ကောင်းစွာနားလည်သဘောပေါက်ဖို့ လိုအပ်ကြောင်း၊ ကိုယ့်အတွက် တစ်နေ့တာကို ဘယ်လိုကုန်လွန်စေမည်ဆိုသော အစီအစဥ်ကို သတ်မှတ်ထားသင့်ကြောင်း၊ အချိန်သည် အရွယ်ဖြစ်သည့်အတွက် အချိန်ကို အသုံးချခြင်းသည် အရွယ်ကို အကျိုးရှိစွာ အသုံးချခြင်းပဲဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်၊၊
ဆက်လက်၍ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ပပမိုးက အချိန်ဆိုသောအရွယ်သည် ငွေကြေး ရုပ်ဝတ္ထုမဟုတ်ကြောင်း၊ ငွေကြေးနှင့်ရုပ်ဝတ္ထုအကြွေးရှိလျှင် အစားထိုးပြန်လည်ပေးဆပ် နိုင်သော်လည်း အချိန်၏အကြွေးသည် ပြန်လည်ပေးဆပ်ရန် မရကြောင်း၊ ပြန်လည်အစားထိုး ပေးဆပ်၍ မဖြစ်နိုင်သော တန်ဖိုးမဖြတ်နိုင်သည့် အချိန်များကို ယနေ့လူငယ်များအနေဖြင့် တန်ဖိုးထားပြီး ဂရုပြုဆင်ခြင် သုံးစွဲသင့်ကြောင်း ဆွေးနွေးခဲ့သည်၊၊
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဆဒုံးမြို့ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်အတွက် နေ့ကြီး၊ ရက်ကြီးများနည်းတူ အခြားအသိပညာပေး Talk Show ဆွေးနွေးပွဲများကို လစဉ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ Talk Show ဆွေးနွေးပွဲများကို Online မှတစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
ခင်မာဝင်း(ဆဒုံး)