မိုင်းကိုင်မြို့နယ်၌ လူငယ်များသိသင့်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ ကျင်းပ

မိုင်းကိုင် မတ် ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း  လူငယ်လူရွယ်များ ယာဉ်အန္တရာယ် ကင်းရှင်းပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိလိုက်နာတတ်စေရန် ရည်ရွယ်၍ ယနေ့မနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ လူငယ်များသိသင့်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း အသိပညာပေးဟောပြောပွဲနှင့် ပြပွဲကို ကျင်းပပြုလုပ်ရာ လူငယ်လူရွယ်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် FREC နွေရာသီအင်္ဂလိပ်စကားပြောသင်တန်း တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများ အပါအဝင် စုစုပေါင်း ၅၈ ဦး တက်ရောက်ခဲ့ကြသည်။

ဟောပြောပွဲတွင်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းလှိုင် လှိုင်ဦးက ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီးနောက်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲအုပ်မြင့်ကျော်က ပြည်သူများ သိရှိလိုက်နာရမည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အကြောင်းအရာများ၊ နယ်မြေခံတပ်ရင်းမှ ဗိုလ်ကြီးပြည့်စုံက စည်းကမ်းလိုက်နာ၍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်သည့် လူငယ်လူရွယ်များ ဖြစ်လာစေရန်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာခြည်ဖြိုက ယာဉ်မောင်းသူတစ်ဦး သိရှိလိုက်နာရန် အချက်များနှင့် လမ်းဖြတ်ကူးသူတို့ သိသင့်သည့်အချက်များအကြောင်းတို့ကို  အသီးသီး အသိပညာပေး ဟောပြောရာ  တက်ရောက်လာကြသော  လူငယ်လူရွယ်များက မိမိတို့ သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လမ်းအညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ကိုလည်းကောင်း၊ နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများက  လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး  နံရံကပ်စာစောင်များကိုလည်းကောင်း  ခင်းကျင်းပြသရာ  တက်ရောက်လာသူများက  လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)