ဇမ္ဗူသီရိ မတ် ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီအားလပ်ရက်များတွင် အခြေခံအားကစားသင်တန်းများကို တက်ရောက်ခြင်းဖြင့် အားကစားကိုပိုမို စိတ်ပါဝင်စားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာမှာပါ တိုးတက်ပြီး ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရန်၊ နိုင်ငံတော်ကိုအကျိုးပြုမည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက တိုက်ကွမ်ဒိုနှင့် အေရိုးဗစ် သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဇမ္ဗူသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက အမှာစကားပြောကြားခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်နီလာစိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တိုက်ကွမ်ဒိုနည်းပြဆရာ မောင်အောင်သန်းနှင့် အေရိုးဗစ်နည်းပြဆရာမ မလင်ငိုင်နိမ်တို့က သင်ကြားပို့ချမည့် သင်ခန်းစာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအား လက်တွေ့သင်ကြားပို့ချခဲ့သည်။ အဆိုပါ သင်တန်းကို စိတ်ပါဝင်စားသူ ကျောင်းသား၊ ကျောင်းသူ ၃၀ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မတ်လ ၂၀ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)