တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ပန်းချီနှင့် စစ်တုရင်သင်တန်းဖွင့်ပွဲ ကျင်းပ

တောင်ကြီး မတ် ၂၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိရေးအတွက် အစဉ်ကြိုးစားဆောင်ရွက်လျက်ရှိရာ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ပန်းချီနှင့် စစ်တုရင်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးညွန့်ရွှေက သင်တန်းဖွင့် အမှာစကားပြောကြားရာတွင် မိမိတို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန် (၃)ရပ်ဖြစ်သည့် ပြန်ကြားပေးရန်၊ အသိပညာပေးရန်၊ ဖျော်ဖြေပေးရန်ဟူသည့် ရည်မှန်းချက်တာဝန်များကို ပြည်သူ့ဆက်ဆံရေး လုပ်ငန်းများနှင့်ပေါင်းစပ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်များ အနေဖြင့် ခေတ်နှင့်လျော်ညီသည့် Internet, Computer, English (ICE) ပညာများကို တတ်ကျွမ်းရန် လိုအပ်ပါကြောင်း၊ နွေရာသီကျောင်းပိတ်ထားသည့် ကာလအတွင်း ကျောင်းသား/ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် သင်တန်းတက်ရောက်ခြင်းဖြင့် ကျောင်းသား/ကျောင်းသူများ၏ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ယခုကဲ့သို့ အခမဲ့ သင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် သင်တန်းဆရာများ၏ သင်ကြားပို့ချမှုများအပေါ် ဂရုတစိုက် ကြိုးစားလိုက်နာသင်ကြားကြရန် လိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းထွန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါ နွေရာသီသင်တန်းသို့ တောင်ကြီးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၇၄)ရောက် တက်ရောက်ပြီး ကွန်ပျူတာ၊ အင်္ဂလိပ်စာနှင့် ပန်းချီသင်တန်းများကို (၂၀-၃-၂၀၂၃)ရက်နေ့မှ (၁၇-၅-၂၀၂၃)ရက်နေ့ထိလည်းကောင်း၊ စစ်တုရင်သင်တန်းကို (၂၀-၃-၂၀၂၃)ရက်နေ့မှ (၇-၄-၂၀၂၃) ရက်နေ့ထိလည်းကောင်း အခမဲ့ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဇော်နိုင်လင်း