မိုးကောင်း မတ် ၂၁
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်ခဲ့သည့် နန့်လှိုင်ကျေးရွာ၏ ရတနာလှိုင်ဘက်စုံသုံး ခန်းမ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီတွင် ကျင်းပခဲ့သည်။
ရတနာလှိုင်ဘက်စုံသုံးခန်းမကို မြို့နယ်ပညာရေးမှူး ဒေါ်နွယ်နွယ်၊ သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်မာသန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။
ရတနာလှိုင် ဘက်စုံသုံးခန်းမကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)ရန်ပုံငွေ ကျပ်သိန်း (၁၀၀)နှင့် ကျေးရွာလူထုမှ ထည့်ဝင်ငွေကျပ် သိန်း(၆၀) စုစုပေါင်းကျပ်သိန်း(၁၆၀)ဖြင့် ၄၅ ပေ× ၁၈ပေ× ၁၂ပေ ခန်းမဆောင်အား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တည်ဆောက်ခဲ့ပြီး ခန်းမခြံစည်းရိုး ပေ(၄၀၀)ကာရံခြင်းနှင့် လမ်းဘေးရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် Cash For Work စီမံကိန်းထောက်ပံ့ငွေကျပ် သိန်း(၁၀၀)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနား၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်သမဝါယမ ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်မာသန်းက အရင်းမပျောက် မတည်ငွေသည် ကျေးရွာ၏ စိုက်ပျိုးရေး လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး သမဝါယမစိတ်ဓါတ်ဖြင့် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်စေလိုကြောင်း အမှာစကားပြောကြားပြီး နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် စိုက်ပျိုးရေး ဆောင်ရွက်မည့် ရတနာလှိုင်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်း (လီမိတက်)အား မတည်ထောက်ပံ့ငွေ ကျပ်သိန်း(၃၀၀)ကို လွဲပြောင်းပေးအပ်ခဲ့သည်။
နန့်လှိုင်ကျေးရွာသည် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းအတွက် အကျိုးပြုအိမ်ခြေ (၈၈)အိမ်၊ လူဦးရေ(၅၁၉)ဦးရှိကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)