နွေရာသီအားလပ်ရက်တွင် အင်္ဂလိပ်စာစွမ်းရည်တိုးတက်မြင့်မားရေးအတွက် အခြေခံအင်္ဂလိပ်စကား ပြောသင်တန်းဖွင့်လှစ်

မူဆယ် မတ် ၂၀

နွေရာသီအားလပ်ချိန်ကျောင်းပိတ်ရက်တွင် အင်္ဂလိပ်စာစိတ်ပါဝင်စားသော မူလတန်းဆင့်၊ အလယ်တန်းဆင့်နှင့် အထက်တန်းဆင့် ကျောင်းသား/သူများကို အင်္ဂလိပ်စာစွမ်းရည် တိုးတက်မြင့်မားစေရန်နှင့် အင်္ဂလိပ်စကားပြော အခြေခံအဆင့် ကျွမ်းကျင်စွာပြောဆိုနိုင်စေရန် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခြေခံအင်္ဂလိပ်စကားပြောသင်တန်းကို ယနေ့ နေလည် (၂း၀၀)နာရီအချိန်က စတင်ဖွင့်လှစ် သင်ကြားပေးခဲ့ပါသည်။

ရှေးဦးစွာ မူဆယ်ခရိုင်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအယ်လ် စိုးထန်တူးမှ အခြေခံအင်္ဂလိပ်စကားပြောသင်တန်းသို့ တက်ရောက်မည့်ကျောင်းသား/သူများကို ယခုကဲ့သို့ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာအသုံးချပြီး ပညာရေး အထောက်အကူ ပြုသင်တန်းများ တက်သင့်ကြောင်းနှင့် အင်္ဂလိပ်စာစွမ်းရည်တိုးတက်စေရန်အတွက် သင်တန်းဖွင့်လှစ် ပေးခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပေးခဲ့ပြီး တက်ရောက်သည့် ကျောင်းသား/သူများနှင့် ရင်းရင်းနှီးနှီး အပြန်အလှန် မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ထို့နောက် အခြေခံအင်္ဂလိပ်စကားပြောသင်တန်း ဆရာမ ဒေါ်သဇင်ငြိမ်းအေးမှ သင်ကြားမည့် ကျောင်းသား/သူများနှင့် အင်္ဂလိပ်လို တစ်ဦးချင်းစီမိတ်ဆက်စေခဲ့ပြီး သင်ကြားမှုစတင်ခဲ့ပါသည်။

မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် နံနက်ပိုင်း၌ ပန်းချီသင်တန်းကို ဖွင့်လှစ်လျက်ရှိပြီး နေ့လည်ပိုင်းတွင် အခြေခံအင်္ဂလိပ်စကားပြောသင်တန်းကို ဖွင့်လှစ်သင်ကြား လျက်ရှိပါသည်။ အဆိုပါ အခြေခံအင်္ဂလိပ်စကားပြောသင်တန်းကို တက်ရောက်သည့် ကျောင်းသား/သူ (၁၂) ဦး ခန့်ရှိပြီး နံနက်ပိုင်း ပန်းချီသင်တန်းကို (၃၀)ဦး တက်ရောက်သင်ကြားခဲ့ ကြပါသည်။

ခရိုင်(ပြန်/ဆက်)