ပုဗ္ဗသီရိ မတ်လ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးငယ်များဖိတ်ခေါ်၍ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းကို ယနေ့မွန်းလွဲပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက ကလေးငယ်များ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများ ကြွယ်ဝစေရန်၊ ကျန်းမာပျော်ရွှင်၍ ဉာဏ်ရည်ထက်မြက်စေရန် ရည်ရွယ်၍ ယခုလိုပြည်သူ့စာကြည့်တိုက်သို့ ဖိတ်ခေါ်ပြီး ပြပွဲများ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဦးဆောင်၍ ကလေးငယ်များအား ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ စကားထာဝှက်ပြိုင်ပွဲများ ပြုလုပ်ပေးရာ ပြိုင်ပွဲတွင် ဆုရရှိသည့် ကလေးငယ်များအား ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲသို့ ပုဗ္ဗသီရိမြို့နယ်၊ ရပ်ကွက်များအတွင်းမှ ကလေးငယ် (၂၀) ဦး တက်ရောက်ခဲ့ပြီး ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူငယ်အသိပညာပေး နံရံကပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သန္တာလင်း(ပုဗ္ဗသီရိ)