ပန်ဆိုင်း မတ် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆက်သွယ်ထားသည့် မြန်မာ-တရုတ် ကြူကုတ်-ဝမ်တိန်ချစ်ကြည်ရေး တံတားသည် ကိုဗစ်-၁၉ ရောဂါကြောင့် သုံးနှစ်ကျော်ခန့် ပိတ်ထားရာမှ ယနေ့နံနက်ပိုင်းအချိန်က ပြန်လည်ဖွင့်လှစ်ခဲ့ရာ မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သူ၊ မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနှင့်အဖွဲ့ဝင်များ ပန်ဆိုင်း(ကြူကုတ်) မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းမြတ်အောင်နှင့် တာဝန်ရှိဌာနဆိုင်ရာများက မြန်မာနိုင်ငံဘက်ခြမ်းမှ တက်ရောက်ကြပြီး တရုတ်နိုင်ငံဘက်မှ တယ်ဟုန်ပြည်နယ်ခွဲ ကုန်သွယ်ရေးဒုတာဝန်ခံ မစ္စတာကျောက်စေဖြင့်၊ ဝမ်တိန်ဆိပ်ကမ်းအုပ်ချုပ်ရေး တာဝန်ခံမစ္စတာ ဟောင်ချိန်ရှေ့၊ ရွှေလီပြည်ပဆက်ဆံရေး တာဝန်ခံမစ္စတာလီ၊ ဝမ်တိန်နယ်စပ် ကာကွယ်စုံစမ်းရေးဌာနနှင့် ဝမ်တိန်အကောက်ခွန်ဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံနှုတ်ဆက်ပြီး နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်အား ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်လိုက်သည့်အတွက် မြန်မာ-တရုတ် နှစ်နိုင်ငံရှိဒေသခံပြည်သူများ အပြန်အလှန်ဝင်ထွက်သွားလာနိုင်ပြီး ရင်းနှီးချစ်ကြည်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများပိုမိုရရှိလာကာ လူမှုစီးပွားဘဝများလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ပန်ဆိုင်း (ပြန်/ဆက်)