ကွမ်းလုံမြို့၌ အခြေခံကွန်ပျူတာစာစီစာရိုက်သင်တန်းဖွင့်လှစ်

ကွမ်းလုံ မတ်၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ အခြေခံ ကွန်ပျူတာစာစီစာရိုက်သင်တန်းဖွင့် ပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံကွန်ပျူတာစာစီစာရိုက်သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အခမဲ့ဖွင့်လှစ်သင်ကြားပေး ခြင်းဖြစ်သဖြင့် သင်တန်းသားများအနေဖြင့် သင်တန်းကို ပြီးဆုံးသည်အထိ တက်ရောက်ရန် ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းနည်းပြဆရာ ဦးဂျယ်ဒီထန်းမှ ကွန်ပျူတာ စတင်လေ့လာ ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကွန်ပျူတာလက်ကွက် English Typing အား စတင်လေ့ကျင့်သင်ကြားပေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မတ်လ (၁)ရက်နေ့က ဘက်စုံသုံးဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ပြီဖြစ်ပြီး ယခုဖွင့်လှစ်သင်ကြားသည့် အခြေခံကွန်ပျူတာ စာစီစာရိုက်ခြင်းသင်တန်းကို မတ်လ ၂၀ ရက်နေ့မှ မေလ ၁၀ ရက်နေ့အထိ (ရုံးပိတ်ရက်များမပါ) အခမဲ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကာ ကျန်ရှိသည့် အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်းကို ဆက်လက်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ် ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)