အင်းစိန်မြို့နယ်၌ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ကျောင်းသူများအား အခမဲ့ အင်္ဂလိပ်စကားပြောနှင့်တရုတ်စကားပြောသင်တန်းများဖွင့်လှစ်ပေး

ရန်ကုန် မတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလများအတွင်း လူငယ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူဖြစ်စေရန်၊ အတွေးအခေါ်များ မြင့်မားလာစေရန်၊ အင်္ဂလိပ်နှင့်တရုတ်စကားပြောပညာများ ရရှိနိုင်စေရန် ရည်ရွယ်၍အခမဲ့ အင်္ဂလိပ်စကားပြောနှင့်တရုတ်စကားပြောသင်တန်းများဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဖွင့်လှစ်သည်။

ဖွင့်လှစ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်း စိန်)၊လက်​ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က သင်တန်းများ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ် ချက်အား ရှင်းလင်းပြောကြားပြီး အင်းစိန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးဘိုကြည်က အမှာစကားပြောကြားပြီးနောက် အင်္ဂလိပ်စကားပြောနှင့်တရုတ်စကားပြောသင်တန်း နည်းပြဆရာ ဦးသန်းဝင်းက စကားပြောသင်တန်းများ သင်ကြားပေးရခြင်းအကြောင်းနှင့် သင်ကြားမည့် ပုံစံများကို ပြောကြားသည်။

အင်္ဂလိပ်စကားပြောနှင့်တရုတ်စကားပြောသင်တန်းကို သင်တန်းနည်းပြဆရာ ဦးသန်းဝင်းက ကျောင်းသား၊ ကျောင်းသူ(၂၅)ဦးဖြင့် အင်္ဂလိပ်စကားပြောသင်တန်းကို နံနက်(၁၀)နာရီအချိန်မှ နေ့လည်(၁၂)နာရီအချိန်အထိလည်းကောင်း၊ တရုတ်စကားပြောသင်တန်းကို မွန်းလွဲ(၁)နာရီအချိန်မှ မွန်းလွဲ(၃)နာရီအချိန်အထိလည်းကောင်း  မတ်လ(၂၀) ရက်နေ့မှ ဧပြီလ(၇)ရက်နေ့အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်သည်။

အဆိုပါသင်တန်းများဖွင့်ပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်နှင့်ဝန်ထမ်းများ၊ အင်းစိန်မြို့နယ်၊စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ မောင်မောင်ဝင်းမြင့်(မှုခင်း)၊ စာရေးဆရာ ဝင်းနွယ်(ပုသိမ်)၊ စာရေးဆရာ ရွှေမော်သန်းထိုက်၊ သင်တန်းနည်းပြ ဆရာဦးသန်းဝင်း၊ သင်တန်းသား၊ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

နွေရာသီ ကျောင်းပိတ်ရက်များ၌  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Cnetre ခန်းမတွင် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အတတ်ပညာ ဗဟုသုတရရှိစေမည့် အခမဲ့သင်တန်းများနှင့်ပြိုင်ပွဲများကိုလည်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ ဆက်)